မန်စီးတီးမှာ သူ ခံစားခဲ့ရတာတွေနဲ့ ထွက်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းတွေ ဖော်ထုတ် ပြောဆိုလာတဲ့ မာရက်ဇ်

ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် ဟာလီ အသင်းထံ နွေတုန်းက ပြောင်းရွှေ့သွားခဲ့တဲ့ မာရက်ဇ်ကတော့ အသင်းဟောင်း မန်စီးတီးအသင်းမှာ ကစားခဲ့စဉ်တုန်းက ပုံမှန်နေရာ မရရှိခဲ့မှုအပေါ် ဖော်ထုတ် ညီးညူသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ မန်စီးတီးအတွက် တစ်ရာသီအတွင်း ဖလား သုံးလုံး ရယူပေးခဲ့တဲ့ မာရက်ဇ်ဟာ ဆော်ဒီကလပ် အယ်လ် ဟာလီအသင်းထံ ပြီးခဲ့တဲ့နွေတုန်းက ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ယခုလို ပြောင်းရွှေ့ခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ ဂွာဒီယိုလာရဲ့ နေရာမပေးခဲ့မှုကြောင့် ဖြစ်ပါတယ်။

မာရက်ဇ်က “ တကယ်ဆိုရင် ကျွန်တော်က စီးတီးနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေပါသေးတယ်၊ ဒါပေမယ့် ကျွန်တော် အသင်းကနေ ထွက်ဖို့ပဲ ဆုံးဖြတ်ခဲ့ရပါတယ်၊ အယ်လ်ဟာလီ ထံက ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းမှု ကလည်း နောက်ထပ် တစ်ကြိမ် မရောက်လာတော့ဘူးလို့ ကျွန်တော် တွေးထင်ခဲ့မိတာလည်း ပါဝင်ပါတယ်။

ကျွန်တော်က စီးတီးနဲ့ ငါးနှစ်တာ ဖြတ်သန်းခဲ့သလို ဆုဖလားတွေလည်း အများကြီး ရရှိခဲ့ပြီးပါပြီ၊ အဲ့ဒါကြောင့်လည်း အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်မှာပါ၊ ”

“ ဒါပေမယ့် စီးတီးနဲ့ နောက်ဆုံးရာသီမှာ ကျွန်တော် အားရကျေနပ်မှု မရှိခဲ့တာတော့ အမှန်ပါပဲ၊ ကျွန်တော်တို့ အသင်း ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ကျွန်တော် ဆီမီးတို့ ဖိုင်နယ်တို့မှာ ကောင်းကောင်း မကစားခဲ့ရပါဘူး၊ အဲ့ဒီ မတိုင်ခင် ရာသီတွေတုန်းကတော့ ကျွန်တော် က အမြဲတမ်းလိုလို အဲ့ဒီလို ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ရခဲ့သူတစ်ယောက်ပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီကတော့ ကျွန်တော့်အတွက် တကယ်စိတ်ကျေနပ်မှု မရှိခဲ့ပါဘူး၊ အခုပြောင်းရွှေ့ခဲ့တဲ့ ဆော်ဒီလိဂ် ဆိုတာကလည်း ကျွန်တော့်မိသားစုအတွက် ပိုလုံခြုံမှု ရှိမယ်ထင်လို့ ရွေးချယ်ဖြစ်ခဲ့တာပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မာရက်ဇ်ဟာ ကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ ရီးရဲလ်နဲ့ ကစား ခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့် မရခဲ့သလို ဖိုင်နယ်အဖြစ် အင်တာနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း လူစားဝင် ကစားသမားအဖြစ်တောင် ပါဝင်ခွင့် မရခဲ့တာကြောင့် စီးတီးကို စွန့်ခွါဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။