ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးကို စိန်ခေါ်စကား ပြောဆိုလာပြီဖြစ်တဲ့ လီဗာပူး ခံစစ်သမား ဗန်ဒိုက်

လီဗာပူး နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်က ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားအတွက် မန်စီးတီးကို စိန်ခေါ်နိုင်ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ပထမနဲ့ ဒုတိယ နေရာတွေမှာ ၁ မှတ်အကွာဖြင့် ရပ်တည်နေကြတာပါ။ နောက်အပတ်မှာတော့ ကလပ် နှစ်သင်းဟာ အီသီဟက်မှာ ထိပ်တိုက်တွေ့ကြဖို့ ရှိနေပါတယ်။

ဗန်ဒိုက်ကပဲ “ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စီးတီးကို စိန်ခေါ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အဝတ်လဲခန်းကို ကြည့်မိပြီး ကျွန်တော်တို့က ယူ-၂၃အသင်းလို့တောင် ခံစားမိသွားသေးတယ်။

ကျွန်တော်တို့မှာ အရည်အသွေးတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကံတရားရဲ့ ဖေးမမှုလည်း နည်းနည်းလောက် လိုနေပါတယ်။ ဒဏ်ရာတွေ မရရှိဖို့ ခြေစွမ်း တသမတ်တည်း ဖြစ်နေဖို့တွေကလည်း လိုအပ်ပါသေးတယ်။ ကျွန်တော်တို့ ဒီရာသီထဲမှာ အကောင်းဆုံးတွေ လုပ်ဆောင်နေပါတယ်။

ဘောလုံးရာသီတစ်ခုကို နိုဝင်ဘာလလောက်နဲ့ ဆုံးဖြတ်လို့က မရသေးပါဘူး။ အလှည့်အပြောင်းတွေ အချိုးအကွေ့တွေကလည်း ရှိလာနိုင်သေးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်သွားပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။