မန်ယူကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် အသင်းတွေ ရဖူးသမျှထက် အပြတ်သာကာ စံချိန်တင် ဝင်ငွေတွေ ရရှိ ကြေငြာသွားတဲ့ မန်စီးတီးအသင်း

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီအတွက် မန်ချက်စတာ စီးတီး အသင်းဟာ ဝင်ငွေအနေနဲ့ ပေါင် ၇၁၂.၈ သန်း စံချိန်တင် ရရှိခဲ့ကြောင်း တရားဝင် ထုတ်ဖော် ကြေညလိုက်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် အသင်း တစ်သင်း အနေနဲ့ စံချိန်တင်လည်း ဖြစ်သွားတာပါ။

ဒါ့အပြင် ဒီ့အရင် စံချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ မန်ယူအသင်း ရဲ့ပေါင် ၆၄၈.၄ သန်းထက်လည်း ပိုများခဲ့ပါတယ်။

အဓိက ဆုဖလားကြီး ၃ လုံး တစ်ရာသီတည်း အောင်မြင်မှုရ ဒုတိယမြောက်အင်္ဂလိပ်အသင်းဖြစ်လာတာကလည်း မန်စီးတီးရဲ့ စံချိန်တင်ဝင်ငွေရရှိမှုမှာ အထောက်အကူဖြစ်ခဲ့တာပါ။

ကွင်းအတွင်းအောင်မြင်မှုတွေနဲ့အတူ ကွင်းပြင်ပမှာလည်း စံချိန်တင်ဝင်ငွေရရှိခဲ့တာဟာ မန်စီးတီးအတွက် အောင်မြင်တဲ့ပန်းတိုင်တစ်ခု ဖြစ်ခဲ့တာပါ။

ဒါတောင် မန်စီးတီးဟာ ကစားသမားတွေနဲ့နည်းပြတွေအပါအဝင် ကလပ်ဝန်ထမ်း စုစုပေါင်း ၅၂၀ အတွင်း စံချိန်လစာ ပေးရမှုအနေနဲ့ ပေါင် ၄၂၂.၈ သန်းတောင်ပေးခဲ့ရပါတယ်။

မန်စီးတီးအသင်း ဂိုးသွင်းစက်ဟာလန်းရဲ့ အခြေခံလုပ်ခလစားနှုန်းထားမှာ သီတင်းတစ်ပတ်လျှင် ပေါင် ၄၀၀,၀၀၀ ဝန်းကျင်ရှိမယ်လို့ ယုံကြည်ရတာကြောင့် မန်စီးတီးအသင်းရဲ့ လုပ်ခလစာပမာဏက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီထက် ပေါင် ၆၉ သန်း တိုးမြှင့်လာစေခဲ့ပါတယ်။

ဒီလိုကြီးကြီးမားမားလစာပေးရမှု တိုးလာခဲ့ပေမယ့် မန်စီးတီးရဲ့အသားတင် အမြတ်ကတော့ ပြီးခဲ့တဲ့ရာသီကထက် နှစ်ဆနီးပါး ပိုတိုးလာခဲ့တာပါ။

စတာလင်၊ ဂျီးဆပ်စ်၊ ဇင်ချန်ကို အပါအဝင် အကယ်ဒမီထွက်ကစားသမားတွေကို ရောင်းချခြင်းနဲ့အတူ အမြတ်ငွေ နှစ်ဆနီးပါး တိုးတက်လာခဲ့သလို မန်စီးတီးရဲ့ စုစုပေါင်းဝင်ငွေပမာဏကလည်း ပေါင်သန်း ၁၀၀ နီးပါး တိုးတက် လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကလပ်စံချိန်တင်အဖြစ် ပေါင် ၄၁.၇ သန်း အမြတ်ထွက်ခဲ့ပြီး ဒီနှစ်မှာတော့ အမြတ်ငွေဟာ ပေါင် ၈၀. ၄ သန်းအထိ ရှိလာပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကစားသမားအရောင်းအဝယ်တွေကနေ ပေါင် ၁၂၁.၇ သန်း အမြတ်ထွက်ခဲ့တာပါ။