လီဗာပူးနဲ့အပြိုင် ကလပ် ကစားသမားဟောင်းကို ပြန်ပြီး ချိန်ရွယ်လာတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ကလပ်ရဲ့ တိုက်စစ်ကို အင်အားဖြည့်ဖို့အတွက် တောင်ပံ တိုက်စစ်သမား တစ်ဦး ခေါ်ယူသွားဖို့ ကြိုးစားလာတော့မယ်လို့ သိရပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ညာတောင်ပံတိုက်စစ် ကစားသမားစစ်စစ်တွေ ဖြစ်တဲ့ မာရက်ဇ်နဲ့ ပါလ်မာတို့ကို ရောင်းချပြီးနောက် ညာတောင်ပံတိုက်စစ် နေရာမှာ အားကိုးရမယ့် ကစားသမား မရှိပဲ ကြုံသလိုဖြေရှင်းနေရပါတယ်။

မန်ချက်စတာ စီးတီးက ဘာနာဒို ဆေးလ်ဗား ၊ ဖိုဒန် စတဲ့ ကစားသမားတွေလို ဘယ်ခြေအားသန် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် နှစ်ယောက်စလုံးက တောင်ပံထက် ကွင်းလယ်တိုက်စစ်မှာသာ ပိုမို ခြေစွမ်းပြ ကစားနိုင်သူတွေပါ။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ဘယ်ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်နေကြပြီး မန်ချက်စတာ စီးတီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ကစားသမားဟောင်း ဆာနေးလည်း ပါဝင်လာပါတယ်။

ဘိုင်ယန်နဲ့ စာချုပ်သစ် ချုပ်ဖို့ မသေချာသေးတဲ့ ဆာနေးကို လီဗာပူးကလည်း ခေါ်ယူလိုပေမယ့် စီးတီးကလည်း အခွင့်အရေး ရှိနေတယ်လို့ ဂျာမနီသတင်းထောက်တွေက ဆိုပါတယ်။

ဆာနေးဟာ ၂၀၁၆ ခုနှစ် ကနေ ၂၀၂၀ခုနှစ် အထိ မန်ချက်စတာ စီးတီး အတွက် ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး သူက ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။