ဈေးကွက်ပေါက်ဈေး အမြင့်ဆုံး၊ တန်ကြေးအကြီးဆုံး ကလပ်အသင်းစာရင်းမှာလည်း မန်စီးတီး နောက် ကပ်လိုက်လာတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ နည်းပြ အာတီတာလက်အောက်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဖလား ကို မန်စီးတီးနဲ့ အပြိုင်လုဖို့ အကောင်းဆုံး စိန်ခေါ်နိုင်ခဲ့ပါတယ်။

ဂန်းနားတွေရဲ့ လူစာရင်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့ရဲ့ လူစာရင်းထက် ပေါင်သန်း ၂၀၀ ပိုမို တန်ကြေးရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့လူစာရင်းထက်လည်း တန်ဖိုးပိုမို မြင့်မားနေတာ ဖြစ်ပါတယ်။

Transfermarkt ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးဟာ ကမ္ဘာ့ဘောလုံးလောကမှာ တန်ဖိုးအရှိဆုံးအသင်းအဖြစ် ပေါင် ၁.၁ ဘီလီယံနဲ့ ရပ်တည်နေပြီး အာဆင်နယ်ကလည်း ပေါင်သန်း ၉၆၀ နဲ့ ဒုတိယမြောက် တန်ဖိုး အရှိဆုံး အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းတန်ဖိုးက ပေါင်သန်း ၉၄၀ ရှိပြီး ရီးရဲလ်မက်ဒရစ်တစ်သင်းလုံးရဲ့ တန်ဖိုးကတော့ ပေါင်သန်း ၉၀၀ တန်ကြေးရှိပါတယ်။

အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေလက်ထက်မှာ စံချိန်တင်ငွေကြေးသုံးစွဲမှုတွေနဲ့ ကစားသမားသစ်တွေ ခေါ်ယူထားတဲ့ ချဲလ်ဆီးအသင်းလူစာရင်းရဲ့ တန်ဖိုးကတော့ ပေါင်သန်း ၈၇၀ ရှိပြီး ဘိုင်ယန်မြူးနစ်က ပေါင် ၈၂၈ သန်း၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့က ပေါင် ၇၆၆ သန်းရှိနေတာဖြစ်ပါတယ်။

အာတီတာဟာ အမ်းမရိတ်စ်မှာ တာဝန်ယူကိုင်တွယ်နေတဲ့ ကာလအတွင်း ထိပ်တန်းကစားသမားအများအပြားကို ခေါ်ယူခဲ့ပြီး ဒီကလန် ရိုက်၊ ဂါဘရီယဲလ် ဂျေးဇု၊ ဘန် ဝှိုက်တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာလည်း အာဆင်နယ်က မန်စီးတီးကို ယှဉ်ဖို့ အတောင့်တင်းဆုံး ဖြစ်အောင် ပြင်ဆင်နေပြီး ဇန်နဝါရီမှာလည်း ကစားသမား ခေါ်ယူမှုတွေ ဆက်လုပ်ဖို့ လှုပ်ရှားနေပါတယ်။