မန်ယူ ပစ်မှတ် ကွင်းလယ်ကြယ်ပွင့်လေးကို မန်စီးတီး ထံ ပြောင်းလာစေချင်၊ စည်းရုံးချင်နေတဲ့ ဘာနာဒို ဆေးလ်ဗား

မန်ယူအသင်းက် ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာ ဆယ်ကျော်သက် လူငယ်လေး ဂျာအို နီဗက်စ် ကို ဖြစ်နိုင်ရင် သူ့အသင်း မန်စီးတီးထံ ပြောင်းလာအောင် အကွက်ရွှေ့လို့ ရတာ ရွှေ့သွားမယ် လို့ စီးတီး ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။

အသက် ၁၉ နှစ် အရွယ် ကစားသမားလေးဟာ အန်ဇို ဖာနန်ဒက်စ် ချယ်ဆီးထံ ပြောင်းရွှေ့သွားပြီးနောက် ဘင်ဖီကာ မှာ အစားဝင်လာကာ ကွင်းလယ်ရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်လာနေပါတယ်။

ယူနိုက်တက် ကင်းထောက်တွေကလည်း နီဗက်စ်ကို အကြိမ်ပေါင်းများစွာ လာရောက်လေ့လာနေကြပြီး နောက်ဆုံး ကစားထားတဲ့ စပို့တင်းနဲ့ ပွဲမှာလည်း ယူနိုက်တက် ကင်းထောက်တွေ လာကြည့်ခဲ့ကြပါတယ်။

မန်စီးတီး ဝါရင့် ကြယ်ပွင့်ကြီး ဘာနာဒိုဆေးလ်ဗားကတော့ သူ့ရဲ့ ပေါ်တူဂီ နိုင်ငအသင်းဖော် လူငယ်လေးကို သူရှိတဲ့ ကလပ်ထံ ပြောင်းလာဖို့ စည်းရုံးလိုနေပါတယ်။

” ကျွန်တော်ကတော့ ဂျာအိုနဲ့ ဘင်ဖီကာမှာ ထွန်းပေါက်လာတဲ့ ကောင်လေးတွေကို မြင်ရတာ ပျော်ရွှင်မိပါတယ်။ နိုင်ငံအသင်းမှာရောပေါ့။

ဂျာအို နီဗက်စ်က ပရီးမီးယားလိဂ် လာမယ် ဆိုရင်လည်း ? ကျွန်တော်ကတော့ သူ့လို ကွာလတီနဲ့ ကစားသမားမျိုးက ဘယ်လိဂ်မှာ မဆို ကစားနိုင်ပါတယ်။ ကျွန်တော် မြင်တာတော့ သူ လက်ရှိကလပ်အတွက် အာရုံ အပြည့်စိုက်ထားပုံပါ။ သူက သိပ်လည်း ငယ်သေးတယ်၊ အလားအလာကောင်းတွေလည်း ရှိနေတယ်။

ယူနိုက်တက် မဟုတ်ဘဲ မန်စီးတီး ဆီ ပြောင်းလာဖို့ ဆိုရင်လား ? ကျွန်တော် လုပ်နိုင်လို့ကတော့ ဂျာအို နီဗက်စ် မန်စီးတီး ရောက်လာဖို့ လုပ်လို့ ရတာ အကုန်လုပ်ပြီး အကွက် ရွှေ့ပစ်မှာပဲ။ သူ့ကို မန်ချက်စတာ ယူနိုက်တက် ထက် စီးတီးကို ပြောင်းလာစေချင်တာပေါ့။ သေချာပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာလည်း ပေါ်တူဂီသားက ဘရူနို ဖာနန်ဒက်စ် နဲ့ ဒါလော့ တို့ ရှိနေပြီး နီဗက်စ်ကို ဆွဲဆောင် စည်းရုံးနိုင်ကြဖွယ် ရှိပါတယ်။