စနေနေ့ မန်စီးတီး – လီဗာပူးပွဲ ကိုင်မယ့် ဒိုင်လူကြီးအား ကြိုတင် ဝေဖန်မှုတွေ ရှိနေ

လာမယ့် စနေနေ့ မှာ ကန်မယ့် မန်စီးတီး နဲ့ လီဗာပူးအသင်း ပွဲစဉ်အတွက် ကွင်းလယ်ဒိုင်အဖြစ် Chris Kavanagh ကို တာဝန်ပေးအပ်ကြောင်း ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများ အဖွဲ့က အတည်ပြု ကြေညာလိုက်တဲ့နောက် ဝေဖန်သံတွေ စတင် ထွက်ပေးနေပါတယ်။

Kavanagh ဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးတွေကို တာဝန်ယူလေ့ရှိတဲ့ ဒိုင် တစ်ဦး ဖြစ်ပေမယ့် သူဟာ ဂရိတ် မန်ချက်စတာဖွား ဒိုင်လူကြီး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ဒိုင်တွေကို သူတို့အားပေးတဲ့အသင်း ဒါမှမဟုတ် သူတို့ အားပေးတဲ့ အသင်းရဲ့ ပြိုင်ဘက်အသင်း ပွဲစဉ်တွေကို တာဝန်ယူခွင့် မပေးပါဘူး။

ဒါပေမယ့် စနေနေ့ပွဲမှာ မန်ချက်စတာကလပ်နဲ့ မာဆေးဆိုဒ် ကလပ်ကြား ယှဉ်ပြိုင်ရမယ့်ပွဲကို မန်ချက်စတာဖွား ဒိုင်လူကြီးကို တာဝန်ပေးခြင်းအတွက် မေးခွန်းထုတ်မှု ထွက်လာခဲ့ပါတယ်။

‘ တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ? ဒီလို ဘောလုံးရာသီမျိုးမှာ ဒီလို စွန့်စားမှု ဘာကြောင့်လုပ်ရတာလဲ? ဘာလို့ သူ့ကို ဖိအားတွေအောက် ပို့ရတာလဲ? ပရီးမီးယားလိဂ်မှာ အခြား ဒိုင်လူကြီးတွေ မရှိတော့ဘူးလား ?’ လို့ ဗြိတိန် ရုပ်သံဌာနမှ ရစ်ချက်ကီးစ် က မေးခွန်းထုတ်ခဲ့ပါတယ်။

မန်စီးတီး အိမ်ကွင်းရဲ့ ၅ မိုင်အကွာမှာ မွေးဖွားတဲ့ ဂရိတ်မန်ချက်စတာသား တစ်ဦးကို မန်စီးတီး vs လီဗာပူးပွဲ ကိုင်တွယ် စေတာ အတွက် များစွာသော ဝေဖန်ချက်တွေ ထွက်ပေါ်လာနေတာပဲ ဖြစ်ပါတယ်။