မန်စီးတီးနဲ့ ပွဲမှာ ကလော့ပ်နဲ့ လီဗာပူးတို့ ဘယ်လိုဗျူဟာခင်းလာမလဲ ကြိုသုံးသပ်သွားတဲ့ ဒန်နီမာဖီ

လီဗာပူး ကွင်းလယ်ဟောင်းကြီး ဒန်နီမာဖီကတော့ မန်စီးတီး နဲ့ ပွဲကျရင် လီဗာပူး နည်းပြကလော့ပ် ဘယ်လို ဗျူဟာခင်းလာမလဲ ဆိုတာ ကြိုတင် သုံးသပ်လာခဲ့ပါတယ်။

မန်စီးတီး ခံစစ်ဟာ တောင့်တင်းပေမယ့်လို့ ချယ်ဆီးကို ရင်ဆိုင်ရာမှာ မကြာခဏ ဖောက်ထွက်ခြင်း ခံခဲ့ရတယ်။ ထိုပွဲကို ဥပမာယူပြီး ကလော့ပ်ဟာ သူ့ရဲ့ ပွဲထွက် လူစာရင်းကို ပြင်ဆင်လာလိမ့်မယ်လို့ ယူဆနေကြပါတယ်။

ဒန်နီ မာဖီက ” ယာဂင်ကလော့ပ်ဟာ မန်စီးတီးပွဲကျရင် မိုင်ပေါင်း ၇၀၀၀ ကို ခရီးနှင်လာမယ့် ဒီယက်ဇ်နဲ့ ဒါဝင် နူးညက်စ်တို့ကို စွန့်စားပြီး ထုတ်သုံးမှာပါ။ မန်စီးတီးကို ရင်ဆိုင်ရာမှာ ဒီတိုက်စစ်သမားတွေရဲ့ အရှိန်အဟုန်နဲ့ ပေါက်ကွဲ ကစားမှုက အံဝင်ဂွင်ကျ ဖြစ်ပါလိမ့်မယ်။

ချယ်ဆီး ၄-၄ မန်စီးတီးပွဲ ပုံစံအရ ဂွာဒီယိုလာရဲ့ အသင်းကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ လီဗာပူးက သဲလွန်စ ရသွားမှာပါ။ စီးတီးက သူတို့ ခံစစ်သမားကို ရှေ့တိုး ကစားခိုင်းရာမှာ ချယ်ဆီးဘက်က စတာလင်နဲ့ ဂျက်ဆန်တို့က မြန်ဆန်မှုတွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့တယ်။

အခန်ဂျီနဲ့ စတုန်းတို့လို ခံစစ်မှူးတွေ ကွင်းလယ် ဝင်ကစားစေတာက မန်စီးတီးရဲ့ နောက်တန်းအတွက် အန္တရာယ်ရှိပြီး နေရာလွတ်တွေ ထွက်ပေါ်လာစေပါတယ်။ ဒါကို ရင်ဆိုင်ဖို့ရာ ဆာလာ၊ နူးညက်နဲ့ ဒီယက်ဇ်တို့ထက် ပိုကောင်းတဲ့ တိုက်စစ်တန်းမျိုး မရှိနိုင်တော့ပါဘူး။

ဂါဗာဒီအောက ထူးချွန်ပေမယ့် ချယ်ဆီးကို ရင်ဆိုင်တုန်းက ဘယ်အစွန်မှာ ရုန်းကန်ခဲ့ရတယ်။ အရင်အပတ် မန်စီးတီးကို ရင်ဆိုင်ချိန်မှာ ချယ်ဆီးတို့ ဖောက်ထွက်ကစားပြခဲ့တာထက် လီဗာပူးက ပိုကောင်းကောင်း ကစားနိုင်စွမ်း ရှိပါတယ်။ ” လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးပွဲမှာ အနိုင်ရတဲ့အသင်းဟာ ဇယားထိပ်ကို ဦးဆောင်ခွင့် ရမှာဖြစ်ပြီး ရှုံးနိမ့်တဲ့ အသင်းကတော့ အဆင့် ၅ လောက်ကို ကျဆင်းသွားနိုင်တာ ဖြစ်ပါတယ်။