သန်း ၃ဝဝ ကျော် အထိ သုံးကာ ဟာလန်းနဲ့ ဘတ်ပီ ကို ခေါ်ဖို့ ပလန်ဆွဲနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘတ်ပေနဲ့ ဟာလန်းတို့ကို ခေါ်ယူပြီး ဥရောပမှာ ပြန်လည် မင်းမူနိုင်ဖို့အတွက် လာမယ့်ရာသီ ပေါင် သန်း ၃၄၂ သန်းအထိ ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်က ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆက်တိုက်ဆိုသလို ဝင်ငွေတိုးတက်လာတဲ့ အသင်းဖြစ်ပြီး ပေါင် သန်း ၃၀၀ ကျော် အထိ အသုံးပြုကာ ကစားသမားသစ် ခေါ်ယူခွင့်ရဖို့ အခြေအနေကောင်းမွန်နေပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နေမာကို ဘာစီလိုနာတို့ ရောင်းချခဲ့တုန်းက ရရှိခဲ့တဲ့ ပေါင် ၁၉၈ သန်းဟာ လက်ရှိ အချိန်အထိ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ရှိနေဆဲ ဖြစ်ပြီး အဆိုပါ ပမာဏကို ယခုတစ်ခေါက်မှာ ရီးရဲလ်တို့ ကျော်ဖြတ်ဖို့ ရှိနေပါတယ်။
ဘတ်ပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိသာ အများဆုံး စာချုပ်သက်တမ်း တိုးပေးသွားရမှာ ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး များစွာ သက်သာလာနိုင်ပါတယ်။
ဟာလန်းရဲ့ စာချုပ် ဖျက်သိမ်းကြေးကလည်း လာမယ့်နွေ ပေါင် ၁၇၂ သန်းအထိသာ တန်ကြေးရှိနေသလို ၂၀၂၅ အရောက်မှာတော့ ပေါင် သန်း ၁၅၀ နဲ့ အသင်းမှ ထွက်ခွါခွင့် ရရှိထားပါတယ်။
ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ကစားသမားလုပ်ခလစာအဖြစ် ပေါင် ၂၈၄ သန်းအထိ အသုံးပြုခဲ့ပေမယ့် အဆိုပါ ပမာဏဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ပေါင် ၆၈ သန်းအထိ ချွေတာနိုင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တုန်းက အသင်းဝင်ငွေ ၁၇ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့ပါတယ်။
ဒါ့အပြင် ဘင်ဇီမာ၊ ဟာဇက်တို့လို အသင်းလုပ်ခ အမြင့်ဆုံး ကစားသမားတွေကို ရှင်းထုတ်နိုင်ခဲ့တာကြောင့်လည်း ရီးရဲလ်တို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ လမ်းပွင့်သွားစေခဲ့တာ ဖြစ်ပြီး အသင်းတိုင်း ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ကျော်ဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။