မန်စီးတီး တန်းဆင်းရရင်တောင် အသင်းကို စွန့်ခွာမသွားဘူးလို့ ဂွာဒီယိုလာ ပြတ်ပြတ်သားသား တုန့်ပြန်

နည်းပြ ဂွာဒီယိုလာက ဘဏ္ဍာရေးချိူးဖောက်မှု စွပ်စွဲချက်တွေကြောင့် အသင်းတန်းဆင်းသွားရင်တောင်မှ မန်စီးတီးမှာပဲ ဆက်ရှိနေမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ FFP စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး ပရီးမီးယားလိဂ်က စွဲချက် ၁၁၅ခုနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေခဲ့တာ ကာလကြာနေခဲ့ပါပြီ။

ယခုလထဲမှာပဲ အဲဗာတန်အသင်းက FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် ၁၀ မှတ်လျော့ ပြစ်ဒဏ်ကျခံလိုက်ရချိန် မန်စီးတီးကိုရော အရေးမယူဘူးလားဆိုတဲ့ ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ဂွာဒီယိုလာကတော့ “ကျွန်တော်တို့ မန်စီးတီးအသင်း လိဂ်ဝမ်းအထိ ရောက်သွားရင်တောင်မှ အနာဂတ်အတွက် စဉ်းစားမှာ မဟုတ်ပါဘူး။ ကျွန်တော်က အသင်းမှာပဲ ဆက်ရှိနေမှာပါ။ အဲဗာတန်အကြောင်းတော့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ အဲ့ဒီကိစ္စကို ကျွန်တော် မသိလို့ပါ။

ကျွန်တော်တို့နဲ့ အဲဗာတန်ကိစ္စက မတူကြပါဘူး။ တစ်ခုက ပိုပြီး အချိန်ကြာပြီး ရှုပ်ထွေးပါတယ်။ ရှေ့နေတွေက တရားသူကြီးရဲ့ရှေ့မှာ ကာကွယ်ပေးပါလိမ့်မယ်။ ကျွန်တော်ကတော့ အမြင်ကို ပြောင်းလဲမှာမဟုတ်ဘဲ စောင့်ဆိုင်းမှာဖြစ်ပြီး ဆုံးဖြတ်ချက်ထွက်လာရင်တော့ လက်ခံသွားမှာပါ။

လူတွေက ကျွန်တော်တို့ တန်းဆင်းရမယ်လို့ ပြောနေတာကို ကြားပါတယ်။ ဒါပေမယ့် ဘယ်သူကသိနိုင်မှာလဲ။ ကျွန်တော်တို့ အပြစ်ရှိတယ်ဆိုရင် အပြစ်ပေးခံရပါမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းမှာ ဆက်ရှိနေမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။