ဟာလန်း သွင်းဂိုးနဲ့ မန်စီးတီးတို့ နိုင်ပွဲ ရလုနီး ရှိခဲ့ပြီးမှ လီဗာပူးကို သရေ တစ်မှတ် ခွဲပေးလိုက်ရတဲ့ စနေည ပွဲ အကြောင်း

ဒီည အီတီဟက် မှာ ယှဉ်ပြိုင် ကစားသွားတဲ့ မန်စီးတီးနဲ့ လီဗာပူး အသင်း တို့ ပွဲစဉ်ကတော့ တဖက် တစ်ဂိုးစီနဲ့ သရေ ကျသွားခဲ့ပါတယ်။

ဟာလန်းရဲ့ ပွဲချိန် ၂၇ မိနစ်က သွင်းတဲ့ ဂိုးနဲ့ မန်စီးတီးတို့ အချိန် အတော်ကြာ ဦးဆောင်ထားနိုင်ခဲ့ပြီး အနိုင်ရပြီ ထင်ခဲ့ကာမှ ထရန့် အလက်ဇန်းဒါး အာနိုးက ပွဲချိန် မိနစ် ၈ဝ မှာ ချေပဂိုး သွင်းယူသွားခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီးဟာ ဟာလန်းကို အထောင်ထားပြီး ဒိုကူ၊ ဖိုဒန်၊ အဲဗာရက်စ်၊ ဘာနာတိုတို့ဖြင့် တွဲဖက်ပေးခဲ့သလို လီဗာပူးအသင်း တိုက်စစ်မှာ ဆာလာ၊ နူးညက်စ်၊ ဂျိုတာတို့ ပွဲထွက်ပြီး ကွင်းလယ်မှာ မက် ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်း တို့ ပါဝင်လာခဲ့ပါတယ်။

စီးတီးက ပိုင်ဆိုင်မှုပိုင်း သာပေမယ့် လီဗာပူးကလည်း ကစားကွက်ကို သေသေချာချာ ချနိုင်ဖို့ ပြင်ဆင်လာခဲ့တယ်။ မျှော်လင့်ထားသလိုပဲ မန်စီးတီးက ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားမှုကို လီဗာပူးဘက်က ကောင်တာ ပြန်ဆင်နိုင်ဖို့ ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားရင်း ချဉ်းကပ်ခဲ့တယ်။

ပွဲချိန် မိနစ် ၃၀ လောက်မှာတော့ မန်စီးတီးက ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အယ်လီဆန်ရဲ့ ပေါ့ဆတဲ့ ဘောလုံးပေးချက်ကို အကီကပဲ လီဗာပူး ကစားသမားတွေကို လှည့်ဖျားကာ ဟာလန်းထံ ပေးပို့ခဲ့ရာက တိုက်စစ်မှူးက ပိုင်ပိုင်နိုင်နိုင် ကန်သွင်းကာ ဂိုးသွင်းယူခဲ့တာပါ။

ပထမပိုင်းမှာ စီးတီးက အမှားနည်းပေမယ့် ဂိုးရဖို့ အခွင့်အရေး သိပ်မရခဲ့ဘဲ လီဗာပူးက အမှားအချို့ကြားက အခွင့်အရေး ရပေမယ့် အသုံးချနိုင်မယ့် အဆင့်ထိရောက်ဖို့ ဝေးကွာခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာ လီဗာပူးအသင်း ကစားပုံ ကောင်းခဲ့ကာ စီးတီးကို တန်ပြန် လွှမ်းမိုးကစားခဲ့ပါတယ်။ စီးတီး ခံစစ်မှူး ဒီယက်စ် ဂိုးသွင်းခဲ့သေးပေမယ့် အကန်ဂျီက ဂိုးသမား အယ်လီဆန်ရဲ့ လက်မောင်းကို ဖိထားတာကြောင့် VAR က ဂိုးမပေးခဲ့ပါဘူး။

လီဗာပူးအတွက် ချေပဂိုးကတော့ ပွဲချိန် မိနစ် ၈ဝ မှာ ကောင်တာကနေ ဂရာဗင်ဘက်ချ်နဲ့ ဒီယက်ဇ် တွဲဘက်မှုက တစ်ဆင့် ဆာလာရဲ့ ပေးချက်ကို ထရန့်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ နှစ်သင်းဟာ ပွဲအနည်းငယ် ထိန်းခဲ့ပြီး စီးတီးကတော့ အခွင့်အရေး နည်းနည်း ပိုထပ်ရပေမယ့် ဂိုးတော့ မရခဲ့ဘဲ ၁-၁ နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

ဒီ သရေပွဲ အပြီးမှာ မန်စီးတီးက အမှတ်ပေးဇယား ကို ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပြီး လီဗာပူးက တစ်မှတ် အကွာက ကပ်လိုက်နေပါတယ်။