မန်ယူ တိုက်စစ်မှုးကို ကျော်တက်သွားတဲ့ ဟာလန်း စံချိန်သစ်၊ လီဗာပူးလ်ကို ဂိုးစသွင်းခြင်းနဲ့ မန်စီးတီးရဲ့ ထူးခြား စံချိန်ကောင်းများ

မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်းဟာ မနေ့ညက လီဗာပူးလ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး အန်ဒီကိုးလ်ရဲ့ သွင်းဂိုးစံချိန်ကောင်းတစ်ခုကို ချိုးဖျက်ခဲ့ပါတယ်။

မန်စီးတီးကစားသမားဘဝမှာ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ လိဂ်ဖလား ပွဲတုန်းက လီဗာပူးလ်ကို ဂိုးသွင်းခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အခုမှ ပထမဆုံးအကြိမ်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၂၇ မိနစ်မှာ နာသန်အကီပေးတာကနေ ဟာလန်းက အနိမ့်ကန်ချက်နဲ့ဂိုးသွင်းခဲ့ပြီး ဒါက ဟာလန်းအတွက် ပရီးမီးယားလိဂ် ၄၈ ပွဲမှာ ဂိုး ၅၀ မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒါကြောင့် ဟာလန်းဟာ နာမည်ကျော် တိုက်စစ်မှူး အန်ဒီကိုးလ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဂိုး ၅၀ ကို ပွဲ အနည်းဆုံးနဲ့သွင်းယူခဲ့သူအဖြစ် စံချိန်တင်နိုင်ပြီဖြစ်ပါတယ်။

အန်ဒီကိုးလ်ဟာ ပရီးမီးယားလိဂ် ၆၅ ပွဲကစားပြီးမှ ဂိုး ၅၀ သွင်းခဲ့တာဖြစ်ပြီး ဟာလန်းကတော့ အန်ဒီကိုးလ်ထက် ၁၇ ပွဲ ပိုနည်းခဲ့ပါတယ်။

အခုစံချိန်မတိုင်ခင်ကလည်း ဟာလန်းက ပရီးမီးယားလိဂ် ဂိုး ၂၀ ကို ပွဲအနည်းဆုံး(၁၄ပွဲ)နဲ့သွင်းယူခဲ့သူ၊ ဂိုး ၃၀ ကို ပွဲအနည်းဆုံး(၂၇ပွဲ)နဲ့ သွင်းခဲ့သူ၊ သွင်းဂိုး ၄၀ ကို ပွဲအနည်းဆုံး(၃၉ပွဲ)နဲ့ သွင်းခဲ့တဲ့စံချိန်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဟာလန်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ မှာ ခေါင်းတိုက်ဂိုး ၁၀ ဂိုး၊ ဘယ်ခြေနဲ့သွင်းခဲ့တာ ၃၃ ဂိုး၊ ညာခြေနဲ့ ၆ ဂိုး၊ တခြားနေရာနဲ့သွင်းခဲ့တာက ၁ ဂိုးရှိပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ၃၆ ဂိုးအထိ သွင်းပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် တစ်ရာသီ အတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အခုဆိုရင် ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ သူ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက် ၂၁ သင်းထဲက အသင်း ၂၀ ကို ဂိုးသွင်းနိုင်ခဲ့ပြီး ဟာလန်း ဂိုးသွင်းတာ မခံရသေးတဲ့ တစ်သင်းတည်းသောကလပ်ကတော့ ဘရန့်ဖို့ဒ်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၅၃ ပွဲကစား ၅၂ ဂိုးအထိ သွင်းခဲ့တဲ့ ဟာလန်းဟာ ဒီရာသီမှာလည်း ဂိုးသွင်းစွမ်းရည်ကောင်း ဆက်လက်ပြသနေပြီး ပြိုင်ပွဲစုံ ၁၉ ပွဲကစားအပြီးမှာ ၁၈ ဂိုး သွင်းယူထားပါတယ်။

မန်စီးတီးအသင်းဟာ လီဗာပူးလ်နဲ့ သရေကျခဲ့တာကြောင့် ၂၀၂၃ ထဲ ပြိုင်ပွဲစုံ အိမ်ကွင်း ၂၃ ပွဲဆက် အနိုင် မှတ်တမ်းကောင်း ရပ်တန့်သွားပေမဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြိုင်ဘက်ကို ပထမပိုင်းအပြီး ဦးဆောင်နိုင်တဲ့အခါတိုင်း မရှုံးတဲ့ ပွဲအရေအတွက် ၅၁ ပွဲအထိရှိလာပြီး ၄၈ ပွဲနိုင်၊ ၃ ပွဲသရေကျခဲ့ပါတယ်။