မန်စီးတီး ချန်ပီယံလိဂ် အုပ်စုဗိုလ် ဖြစ်ဖို့ အရေးကြီးကြောင်း ထုတ်ဖော် ပြောလာတဲ့ နည်းပြ ပက် ဂွါဒီယိုလာ
မန်စီးတီး အသင်း နည်းပြ ပက် ဂွါဒီယိုလာ က စီးတီး ချန်ပီယံလိဂ် အုပ်စုဗိုလ် ဖြစ်ဖို့က အလွန်အရေးပါတဲ့ ကိစ္စ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
မန်စီးတီးဟာ ယနေ့ညတွင် အီတီဟတ်ကွင်းတွင် လိုက်ဇစ်ကို ဧည့်ခံကစားရမည်ဖြစ်ပြီး ၄ ပွဲကစားထားရာမှာ ၄ ပွဲလုံး အနိုင်ရကာ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပါတယ်။
၎င်းတို့ဟာ ယနေ့ညပွဲတွင် သရေ(သို့မဟုတ်)အနိုင်ရရှိပါက အုပ်စုဗိုလ်အဖြစ် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက် လာပါမယ်။
ဂွါဒီယိုလာက “ကျွန်တော်တို့အနေနဲ့ သရေ သို့မဟုတ် အနိုင်ရဖို့ လိုအပ်တယ်။ ဖေဖော်ဝါရီလ နောက်တဆင့်သို့ တက်နိုင်ခဲ့တဲ့ လိုက်ဇစ်ကိုလည်း ဂုဏ်ပြုပါတယ်။ ပထမခြေလှမ်းပြီးဆုံးသွားဖို့ အရမ်းအရေးကြီးတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရတာ အဆုံးအဖြတ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းအားသာချက်ရစေပါတယ်။ ဒီတော့ ဒီအခွင့်အရေးကို ရယူရပါမယ်”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ၂ တုန်းက အဝေးကွင်းတွင် လိုက်ဇစ်ကို ၃-၁ ဖြင့် အနိုင်ယူထားပါတယ်။ အုပ်စုတွင်းမှာတော့ မန်စီးတီးဟာ ဒုတိယနေရာမှ လိုက်ဇစ်ကို ၃ မှတ်ဖြတ်ထားနိုင်ပါတယ်။