လိုက်ပ်ဇစ်ကို ပထမပိုင်း ဂိုးတွေ ပေးသွင်းပြီးမှ ဒုတိယပိုင်းမှ အပီကြိတ်ကာ အုပ်စုဗိုလ် နေရာ ဆက်ယူသွားတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးကတော့ မနေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် လိုက်ပ်ဇစ် ကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားခဲ့ရာ ၃-၂ နဲ့ နိုင်ပွဲ ရသွားခဲ့ပါတယ်။

စီးတီးဟာ ပထမပိုင်းပြီးချိန်မှာ ဝ-၂ နဲ့ အရေးနိမ့်နေခဲ့ပြီးမှ ဒုတိယပိုင်းမှာ ဂိုးတွေ သွင်းကာ အနိုင်ရလဒ်ကို ဖော်ဆောင်သွားတာပဲ ဖြစ်ပါတယ်။

စီးတီးက ဒီပွဲမှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အာကန်ဂျီ၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ရီကို လူးဝစ္စ၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ လိုက်ပ်ဇစ်တို့တွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နေရာလွတ်တွေ မကြာခဏ ပေးနေတဲ့ မန်စီးတီးခံစစ်ပေါ်ကို ဂိုးသမား ဘလာစ်ဗစ်ချ်က လှမ်းကန်တင်ပေးခဲ့ရာမှာ နောက်ပိုင်းပွဲတွေမှာ အသုံး မကျဘဲဖြစ်နေတဲ့ အာကန်ဂျီရဲ့ ညံ့ဖျင်းမှုကနေ လွတ်ထွက်သွားခဲ့တဲ့ အိုပင်ဒါက ဂိုးသမား အော်တေဂါနဲ့ တစ်ဦးချင်း အတွေ့မှာ အနိမ့်ဘော ချိုးကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ လိုက်ပ်ဇစ်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန် တိုက်စစ်ကနေ အိုပင်ဒါကပဲ ဂိုးရှေ့ အရောက်မှာ ဂွါဒီယောလ်ကို တစ်ချက်ခေါက်ပြီးမှ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းအပြီးမှာတော့ လိုက်ပ်ဇစ်တို့က မန်စီးတီးတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ အိမ်ရှင်တွေဘက်က ခပ်ညံ့ညံ့ ရူဘင် ဒီယက်စ်ကို အာကေနဲ့ လဲကစားလာခဲ့သလို အလုပ်မဖြစ်တဲ့ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့အတွက် ဝေါ်လ်ကာနဲ့ ဂရီးလစ်ရှ်တို့အစား အယ်လ်ဗာရက်ဇ်နဲ့ ဒိုကူးတို့ကိုလဲပြီး 4 Back ပြန်ပြောင်းသွားခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ မန်စီးတီးတို့ ပထမ ချေပဂိုးကို ပြန်လည်ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံး ပြန်ရလာတဲ့ ဖိုဒန်က ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ကျော်ဖြတ်သွားခဲ့တဲ့ ဟာလန်းက ဂိုးသမား ဘလာစ်ဗစ်ချ်နဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်ပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို မန်စီးတီးတို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်း ကနေ ဘောလုံးရလာခဲ့တဲ့ ဂွါဒီယောလ်က ဧရိယာထိပ်ကို ချိုးအပေးမှာ ဖိုဒန် ပြန်ရပြီး လိုက်ပ်ဇစ် နောက်ခံလူ နှစ်ယောက်ကြားကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဆွဲယူပြီးမှ အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ ပြီးပြည့်စုံတဲ့ Come Back အဖြစ် တတိယဂိုးကို အိမ်ရှင်တွေ ဖန်တီးနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဒိုကူးက ဧရိယာထဲ ဖြတ်ချိုးပေးတာကို ဖိုဒန်က ကန်မလိုနဲ့ မကန်ဘဲ ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးခဲ့တဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က လူကပ်ပုံ မသေသပ်တဲ့ လိုက်ပ်ဇစ်ခံစစ်ကြားကနေ ဂိုးအဖြစ် ပြောင်းလဲနိုင် ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စီးတီးက ၃-၂ နဲ့ နိုင်ပြီး အုပ်စုတွင်း နိုင်ပွဲရာနှုန်းပြည့်မှတ်တမ်းကို ဆက်ထိန်းသွားသလို အုပ်စု ပထမ နေရာမှာလည်း ဆက်လက် ရပ်တည်သွားပါတယ်။