လီဗာပူးနဲ့ မန်ယူ ပစ်မှတ်ကို အီတီဟက်ထံ ရောက်လာဖို့ သူ ကြိုးစားပေးမယ်လို့ ဘာနာဒို ထုတ်ဖော်

မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားက ပေါ်တူဂီ အမှတ်ပေးလိဂ်မှာ နိုင်ငံရဲ့ အကောင်းဆုံး လူငယ်မျိုးဆက်အဖြစ် တောက်ပလာနေတဲ့ ဂျာအိုနီဗက်စ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထက် လက်ဦးနိုင်ဖို့ စည်းရုံးရေး ဆင်းနေပါပြီ။

ယူနိုက်တက် ကင်းထောက်တွေက နီဗက်စ်ကို အကြိမ်ပေါင်းများစွာ လာရောက် လေ့လာနေကြပြီး နောက်ဆုံး ကစားထားတဲ့ စပို့တင်းနဲ့ ပွဲမှာလည်း ယူနိုက်တက် ကင်းထောက်တွေ လာကြည့်ခဲ့ကြပါတယ်။ ထိုနည်းတူ လီဗာပူးကလည်း သူတို့ အားနည်းနေတဲ့ ကွင်းလယ်ခံစစ်အတွက် နီဗက်စ်ကို ပစ်မှတ်ထားလာနေတယ်။

ဘာနာဒိုဆေးလ်ဗားကတော့ အသက် ၁၉ နှစ် အရွယ် သူ့ရဲ့ ပေါ်တူဂီ နိုင်ငံအသင်းဖော် လူငယ်လေးကို မန်စီးတီးထံ ပြောင်းလာဖို့ စည်းရုံးလိုနေပါတယ်။

” ကျွန်တော်ကတော့ ဂျာအိုနဲ့ ဘင်ဖီကာမှာ ထွန်းပေါက်လာတဲ့ ကောင်လေးတွေကို မြင်ရတာ ပျော်ရွှင်မိပါတယ်။ နိုင်ငံအသင်းမှာရောပေါ့။

ဂျာအို နီဗက်စ်လို ကွာလတီနဲ့ ကစားသမားမျိုးက ပရီးမီးယားလိဂ် အပြင် ဘယ်လိဂ်မှာ မဆို ကစားနိုင်ပါတယ်။ သူက သိပ်လည်း ငယ်သေးတယ်၊ အလားအလာကောင်းတွေလည်း ရှိနေတယ်။

ယူနိုက်တက် မဟုတ်ဘဲ မန်စီးတီး ဆီ ပြောင်းလာဖို့ ဆိုရင်လား ? ကျွန်တော် လုပ်နိုင်လို့ကတော့ ဂျာအို နီဗက်စ် မန်စီးတီး ရောက်လာဖို့ လုပ်လို့ ရတာ အကုန်လုပ်ပြီး အကွက် ရွှေ့ပစ်မှာပဲ။ သူ့ကို မန်ချက်စတာ ယူနိုက်တက် ထက် စီးတီးကို ပြောင်းလာစေချင်တာပေါ့။ သေချာပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘာနာဒိုအပြင် မန်ချက်စတာနဲ့ မာဆေးဆိုဒ်မှာ ဖာနန်ဒက်စ်၊ ဂျိုတာတို့လို ကစားသမားတွေ ရှိနေတာကြောင့်လည်း နီဗက်စ်ကို သွေးဆောင်မှုဟာ အတော်လေး ပြင်းထန်ကြဖွယ် ရှိနေပါတယ်။