အငြင်းပွားဖွယ်နဲ့ နာကျင်စရာ အခိုက်အတန့်တွေနဲ့တကွ စပါးကို ရမှတ် ၁ မှတ် ခွဲပေးပြီး တတိယနေရာ ဆင်းခဲ့ရတဲ့ မန်စီးတီး
မန်စီးတီးဟာ မနေ့ညက စပါးကို အိမ်ကွင်းမှာ သုံးဂိုးစီသရေကျခဲ့တာပါ။ ဒါဟာ မန်စီးတီးအတွက်တော့ ပရီးမီးယားလိဂ်မှာ (၃) ပွဲဆက်တိုက် သရေကျခဲ့တာဖြစ်ပြီး ချဲလ်ဆီး၊ လီဗာပူး၊ အခု စပါးတို့နဲ့ ဆက်တိုက် သရေကျခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် စီးတီးတို့အနေနဲ့ ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဒိုကူးနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းနဲ့ပဲ ခင်းကျင်းလာခဲ့တာပါ။
ပွဲချိန် ၆ မိနစ်မှာကတည်းက စပါးတို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒိုကူးရဲ့ရှေ့ကနေ ဆွန်ဟောင်မင်က ဖြတ်ဆွဲယူပြီး ဧရိယာထဲကို ဆွဲဝင်ကန်သွင်းခဲ့ရာမှာ အီဒါဆန်ရဲ့ ကာကွယ်မှုက အရာမထင်ဘဲ လက်နဲ့ထိဝင်သွားခဲ့တာပါ။ မိနစ်ပိုင်းအကြာ ဆွန်ဟောင်မင် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိရာက စီးတီးတို့ ခြေပဂိုး ရပါတယ်။
ပွဲချိန် ၃၁ မိနစ်မှာတော့ မန်စီးတီးတို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ရလာခဲ့တဲ့ ဒိုကူးက ဧရိယာထဲကို လှမ်းချပေးရာမှာ အယ်လ်ဗာရက်ဇ်က တစ်ချက်ထိန်းပြီး ဂိုးရှေ့ကို ချိုးပေးခဲ့တဲ့ ဘောလုံးကို ဖိုဒန်က အနီးကပ် ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ ပျော်နိုင်ခဲ့ကြတာဖြစ်ပါတယ်။
စပါးရဲ့ ခြေပဂိုးကလည်း တော်တော်လေး ကောင်းပြီး လိုဆယ်ဆိုရဲ့ အဝေးကန်ချက်က ရခဲ့ခြင်းဖြစ်ပါတယ်။ မန်စီးတီးအတွက် တတိယဂိုးကို ပွဲချိန် မိနစ် ၈၀ မှာ ဟာလန်းရဲ့ ချပေးမှုကနေ ဂရီလစ်က ဧရိယာထဲ ဝင်ပိတ်ခဲ့တယ်။ ဒါပေမယ့် မိနစ် ၉၀ မှာတော့ ကူလူရှက်ဗ်စကီးက အတင်းတိုးဝင် ခေါင်းတိုက် သွင်းကာ ခြေပဂိုး ထပ်ယူပါတယ်။
မန်စီးတီးဘက်က မကြာခဏ ဘားတန်းထိတာ၊ တိုင်ထိတာတွေဖြစ်နေပြီး ဒီပွဲမှာ အဆုံးသတ်ပိုင်း ကံဆိုးခဲ့တယ်လို့ ဆိုရပါမယ်။ ခံစစ်ပိုင်း အမှားများမှုတွေကလည်း စိတ်ပူစရာ အခြေအနေမျိုးတွေ မကြာခဏ ဖြစ်စေခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ဟာ တစ်ဖက်ကို ၃ ဂိုးစီ သရေကျနေစဉ်အတွင်း မန်စီးတီးက တိုက်စစ်ဆင်ဖို့ လုပ်ဆောင်နေချိန် ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးမှာ ကွင်းလယ်ဒိုင်က ဘောလုံးဆက်မကစားဘဲ ပွဲကို ရပ်စေတဲ့ ဖြစ်ရပ်ကလည်း အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ မန်စီးတီးဟာ ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၃ မှတ်အကွာ တတိယနေရာမှာပဲ ရပ်တည်နေတာ ဖြစ်ပါတယ်။