မန်စီးတီး မနိုင်အောင် ကြားထဲက ကန့်လန့် လုပ်သွားတဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဂွာဒီယိုလာ ပြောပြီ

စီးတီးနည်းပြ ဂွာဒီယိုလာက စပါးကို ၃-၃ သရေကျတဲ့ ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင် ဆီမွန် ဟူးပါးရဲ့ ဆုံးဖြတ်ချက်အပေါ် သူ နားမလည်နိုင်အောင် ဖြစ်မိရတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မိနစ် ၉၀ ကျော်မှာ မန်စီးတီးက တိုက်စစ်ဆင်ဖို့ လုပ်ဆောင်နေချိန်မှာ စပါးဘက်က ပြစ်ဒဏ် ကျူးလွန်ခဲ့ရာ ကွင်းလယ်ဒိုင်က ဆက်ကစားခွင့်ပြုရင်းနဲ့ ဂရီးလစ်ရှ် ဘောလုံးဆွဲပြေးသွားမှသာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်လိုက်ပါတယ်။

တကယ်လို့ ဂရီးလစ်ရှ်သာ ဘောလုံးဆွဲပြေးခွင့် ရမယ်ဆိုရင် စပါးဂိုးသမား ဗီကာရီယိုနဲ့ တစ်ဦးချင်း ထိပ်တိုက် တွေ့ဆုံရင်း အနိုင်ဂိုးအဖြစ်ပါ ပြောင်းလဲသွားနိုင်မယ့် အခြေအနေ ရှိနေရာ ဒါကို ဒိုင်က ဆက်ကစားခွင့်ပြုပြီးမှ Foul အဖြစ် သတ်မှတ်ပေးလိုက်တာက မန်စီးတီးအတွက် အတော်လေး နစ်နာစေခဲ့ရပါတယ်။

ဂရီလစ်ရဲ့ ကျော်ဖြတ်နေမှုကို ရပ်တန့်စေတဲ့ ဒိုင်လူကြီးရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဂွာဒီယိုလာက

” တခါတလေ ဒိုင်တွေနဲ့ ပတ်သက်ပြီး နားမလည်တော့ပါဘူး။ လူတိုင်း အမှားလုပ်မိတတ်ပါတယ်။ ကျနော် အံ့ဩတာက ဟာလန်း လဲကျချိန်မှာ ဒိုင်လူကြီးက ခရာမှုတ်ဖို့ လုပ်ပြီးမှ ပြန်ထလာပြီး ဘောလုံးကစားတော့ ပွဲကို ဆက်ကစားစေခဲ့တယ်။

အဲ့နောက် ဂရီလစ်ထံ ဘောလုံးရောက်သွားမှ ပွဲရပ်ဖို့ ခရာထမှုတ်တာကိုပါ။ ဒီလုပ်ရပ်ကြီးက ရှက်စရာကြီးကွာလို့ ခံစားရစေတယ်။

ဟာလန်း လဲကျနေတဲ့ အချိန် ခရာမှုတ်ကွာ၊ အဆင်ပြေတယ်။ ဒါပေမယ့် ဆက်ကစားခွင့်ပေးပြီးမှ ပွဲကို ရပ်စေတာကိုတော့ နားမလည်နိုင်ဘူး။ ဒီပွဲက ပွဲကောင်းပါ၊ လူတိုင်း ပျော်ရွှင်ရတယ်။ စပါးကတော့ ပိုပျော်ပြီး ကျနော်တို့တော့ သိပ်မပျော်ရဘူးပေါ့ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီပွဲ သရေရလဒ်ကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အပြီးမှာ တတိယနေရာကို ဆင်းခဲ့ရပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၃ မှတ်၊ ဒုတိယနေရာက လီဗာပူးနဲ့ ၁ မှတ် ကွာဟနေပြီ ဖြစ်ပါတယ်။