အက်စတွန်ဗီလာပွဲကို လွဲချော်သွားတော့မယ့် စီးတီး အဓိက အသင်းသား ၂ ဦး

စပါးကို အိမ်ကွင်းမှာ ဧည့်ခံတဲ့ ပွဲမှာ အဝါကဒ်တွေ ရခဲ့တာကြောင့် စီးတီး ကစားသမား ၂ ဦးဟာ ဒီကြားရက် အက်စတွန်ဗီလာပွဲကို လွဲချော်သွားတော့မှာပါ။
အက်စတွန်ဗီလာဟာ ဒီရာသီမှာ အိမ်ကွင်း ရာနှုန်းပြည့် အနိုင်ရထားတဲ့ အသင်းဖြစ်ပါတယ်။ သူတို့လို အိမ်ကွင်းကောင်းတဲ့ အသင်းကို ရင်ဆိုင်ရာမှာ အဓိက ကစားသမား ၂ ဦးကို သုံးခွင့်မရတာဟာ နည်းပြ ပက်ဂွာဒီယိုလာအတွက် ထိုးနှက်ချက်ဖြစ်လာပါတယ်။
ဗီလာ ပွဲစဉ်ကို လွဲချော်သွားမယ့် ကစားသမားတွေက ရိုဒရီနဲ့ ဂျက်ဂရီးလစ်ရှ်တို့ ဖြစ်ကြပါတယ်။ ၎င်းတို့ နှစ်ဦးလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ မတိုင်ခင် အဝါကတ် ၅ ကဒ် ပြည့်ခဲ့တာကြောင့် အခုလို တစ်ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။
၎င်းတို့ နှစ်ဦးလုံးဟာ စပါးပွဲမှာ အဝါကတ် ပြသခံခဲ့ရတာပါ။ ရိုဒရီက ပေါ်ရိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်ဖြစ်ပြီး ဂရီးလစ်ရှ်ကတော့ ပွဲရပ်နားနေချိန်အတွင်း ဘောလုံးကို အဝေးကို ကန်ထုတ်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရပါတယ်။
မန်စီးတီးဟာ ဒီရာသီ ရိုဒရီ မပါတဲ့ ၃ ပွဲမှာ အတော်လေး ရုန်းကန်ထားရဖူးပါသေးတယ်။ စီးတီးဟာ ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။