အကောင်းဆုံး ကစားသမားဆုရတဲ့ ဟာလန်းနဲ့ မန်စီးတီးကို အရေးယူသွားမယ့် အက်ဖ်အေ

မန်စီးတီးကို အရေးယူမယ့် အက်ဖ်အေ
စပါးအသင်းနဲ့ပွဲစဉ်မှာ ကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိမှုနဲ့ မန်စီးတီးအသင်းကို အင်္ဂလန် အက်ဖ်အေက အရေးယူသွားတော့မှာပါ။
အဲဒီပွဲစဉ်မှာ ပွဲပြီးခါနီးမှာရရှိခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ဂိုးရရှိနိုင်မယ့် အခြေအနေကို ဒိုင်လူကြီး ဆိုင်မွန်ဟော့ပါးက ရပ်တန့်ပြီး ပြစ်ဒဏ်ဘောပေးခဲ့တာပါ။ အဲဒီလို ပွဲကိုရပ်တန့်ခဲ့တဲ့အပေါ် တိုက်စစ်မှူးဟာလန်း အပါအဝင် မန်စီးတီးကစားသမားတွေကို ဒိုင်လူကြီးဆီပြေးလွှားလာကာ အလွန်အမင်း စောဒကတက်ခဲ့ကြတာပါ။
အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းအနေနဲ့ ကစားသမားတွေအပေါ် ထိန်းချုပ်နိုင်ရမှာကို ချိုးဖောက်ခဲ့ကြောင်း စည်းမျဉ်းနဲ့ ညိစွန်းနေတာကြောင့် အရေးယူမယ်လို့ အင်္ဂလန်အက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။
အကောင်းဆုံး ဆုတစ်ခုရတဲ့ ဟာလန်း
မနေ့ညက အီတလီနိုင်ငံ တူရင်မြို့မှာကျင်းပတဲ့ ဆုပေးပွဲမှာ နော်ဝေနဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းက Golden Player Man Award ဆုလို့ခေါ်တဲ့ အကောင်းဆုံးစီနီယာ ကစားသမားဆုရရှိခဲ့ပါတယ်။
ဟာလန်းက ဆုပေးပွဲကို တက်ရောက်ခြင်းမရှိပေမဲ့ ဂုဏ်ယူစရာဖြစ်ကြောင်း ဆိုရှယ်မီဒီယာကနေ ရေးသားသွားပါတယ်။