အက်စတွန်ဗီလာပွဲမှာ မန်စီးတီး နိုင်ပွဲပျောက်မယ်လို့ သုံးသပ် ခန့်မှန်းလိုက်တဲ့ ပေါမာဆန်

မန်ချက်စတာ စီးတီးအသင်းဟာ ဒီကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အက်စတွန်ဗီလာ အသင်းနဲ့ အဝေးကွင်း ပွဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ ဗုဒ္ဓဟူးနေ့ ည မြန်မာအချိန် ၂း၄၅ နာရီ အချိန်၊ ဗီလာပါ့ခ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ညက ကစားခဲ့တဲ့ အစောပိုင်း ပွဲမှာတော့ အာဆင်နယ်က လူတန်တောင်းကို ၄-၃ နဲ့ နိုင်ခဲ့တာ ဖြစ်လို့ အမှတ်ပေး ဇယားမှာ မန်စီးတီးနဲ့ ၆ မှတ် ထိ ကွာဟသွားပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီည အက်စတွန်ဗီလာ – မန်စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဘယ်လောက်ကောင်းတဲ့ပွဲလဲ။ ဒီပွဲ မကစားခင်မှာတင် လူတန်ကို အာဆင်နယ်တို့ အနိုင်ယူပြီး ဇယားထိပ်မှာ ၆ မှတ် ဖြတ်ထားပါတယ်။ ဒီပွဲက စီးတီးအတွက် ပွဲကြီးပွဲကောင်းပါ၊ သူတို့ရဲ့ ဒီရာသီအတွက် အဆုံးအဖြတ်လဲ ဖြစ်နိုင်ပါတယ်။

ဒီတလော ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ကစားဖို့ အခက်ခဲဆုံး ဆိုတဲ့ ကွင်းကို စီးတီးတို့ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ အက်စတွန်ဗီလာက အိမ်ကွင်းရလဒ် သိပ်ကောင်းပါတယ်။ ဒီရာသီမှာ မန်စီးတီးက ဦးဆောင်ထားမှုကို လက်လွတ်လိုက်ရတာ ဘယ်နှစ်ကြိမ်တောင် ရှိနေပြီလဲ။

မနှစ်ကရာသီ အညှာအတာကင်းခဲ့သမျှ ဒီရာသီမှာတော့ သူတို့ အားပျော့လာနေတယ်။ ကစားပွဲတွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတာက စိတ်ပူစရာပါပဲ။ ဂွမ်ဒိုဂန် မရှိတော့တာကလည်း စီးတီးအတွက် တကယ့်ကို ကြီးမားတဲ့ အားလျော့မှုပါပဲ။

လိုအပ်လာပြီဆိုတိုင်း စီးတီးက နိုင်ပွဲ ပြန်ယူပြနိုင်ပါတယ်။ ဒါကြောင့်ပဲ စီးတီးက သိပ်ကောင်းတာပါ။ ဒီရာသီမှာ သူတို့ တစ်ခုခု လိုအပ်ချက်ရှိနေပါတယ်။ ဗီလာက ပြဿနာတွေ ပေးမှာမို့ ဒီပွဲက မန်စီးတီးအတွက် ကြီးမားတဲ့ ပွဲတစ်ပွဲပါ။ သို့ပေမယ့် စီးတီး နိုင်မယ် မထင်ပါဘူး။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲခန့်မှန်း ရလဒ်ကတော့ အက်စတွန်ဗီလာ ၂-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။