ဒီပုံစံနဲ့တော့ ချန်ပီယံ ကာကွယ်ဖို့ မပြောနဲ့ ထိပ်ဆုံး ၄ သင်းထဲ ဝင်အောင်တောင် မနည်း ရုန်းရမယ့် မန်စီးတီး

ဒီမနက် အက်စတွန်ဗီလာနဲ့ပွဲမှာ မန်စီးတီးဟာ စိတ်ပျက်စရာ ကစားဟန်တွေနဲ့အတူ ဂိုးမိုးခေါင်ခဲ့ပြီး ပြိုင်ဘက်က ဂိုးရခဲ့ခြင်းနဲ့အတူ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ကွင်းလယ်မှာ ဂျွန်စတုန်း၊ ရီကို လူဝစ်တို့ကို တွဲပေးပြီး ဘာနာဒို၊ ဖိုဒန်၊ အယ်ဗာရက်စ်တို့အား ဟာလန်းကို ပံ့ပိုးပေးစေခဲ့ပါတယ်။ ဒီကစားကွက်ဟာ ဂွာဒီယိုလာ မကြာခဏ ထုတ်သုံးလေ့ ရှိပေမယ့် အလုပ်ဖြစ်လိုက် မဖြစ်လိုက်နဲ့ မတည်ငြိမ်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။

အိမ်ကွင်းမာပြီး ကစားအားကောင်းတဲ့ ဗီလာကို ရင်ဆိုင်ရာမှာလည်း ထပ်မံ ထုတ်သုံးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ကားလိုစ့်က ဟာလန်းကို အပိုင်ကပ်ထားခဲ့လို့ စီးတီးတိုက်စစ် အလုပ်မဖြစ်ခဲ့ဘဲ ဗီလာအသင်းကသာ ခြေစွမ်းအသာနဲ့ ဦးဆောင်ကစားခဲ့ပါတယ်။

မန်စီးတီးက ကောင်တာတောင် ပြန်ကစားနေရပြီး နှစ်သင်းစလုံး အခွင့်အရေး ကိုယ်စီရခဲ့ကြပေမယ့် အဆုံးသတ်နိုင်ခြင်း မရှိခဲ့ကြလို့ ဂိုးမရှိသရေနဲ့သာ ပထမပိုင်း ပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့က ဘောလုံးပိုင်ဆိုင်မှုကို ပိုမိုရယူလာခဲ့ပြီး ဖိအားပေးထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဗီလာခံစစ်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပိတ်ဆို့သွားခဲ့တာကြောင့် စီးတီးဘက်က စိတ်ရှည်လက်ရှည် ကစားပေမယ့် ဂိုးပေါက်ကန်ခွင့်တောင် မရဘဲဖြစ်နေခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ရိုဒရီမပါနိုင်တဲ့ ပွဲစဉ်တွေမှာ ရုန်းကန်ရတာက ထုံးစံလို ဖြစ်နေခဲ့ပြီး ဗီလာရဲ့ကစားကွက်အောက်မှာ နစ်မြုပ်နေခဲ့ပါတယ်။ ဗီလာအသင်းကတော့ အားနည်းနေတဲ့ မန်စီးတီးကွင်းလယ်ကို အသာစီးရယူကာ တစ်ပွဲလုံးလိုလို ဘောလုံးကိုင်ပြီး ပြန်ကစားပြသွားခဲ့ပါတယ်။

အနိုင်ဂိုးကတော့ ပွဲချိန် ၇၃ မိနစ်မှာ ကွင်းလယ်ကနေ တီးလီးမန်းစ် ပေးခဲ့တဲ့ ဘောလုံးကို ဝပ်ကင်းစ်ကြောင့် အာရုံများနေတဲ့ မန်စီးတီးခံစစ်ကြားကနေ ဘိုင်လီက လွတ်သွားခဲ့ပြီး ကန်သွင်းခဲ့ရာမှာ ရူဘင် ဒီယက်စ်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဖြစ်သွားခဲ့ရပါတယ်။

မန်စီးတီးဟာ ဒုတိယပိုင်းတစ်ပိုင်းလုံး ကန်ချက်တစ်ကြိမ်မှ မပြုလုပ်နိုင်တဲ့အထိ ဆိုးရွားခဲ့ကာ ရှုံးပွဲကြုံတွေ့ရပြီး အဆင့် ၄နေရာအထိ ဆင်းပေးခဲ့ရပါတယ်။