အခြေမလှတဲ့ အက်စတွန်ဗီလာပွဲပြီးမှာတော့ ဂွာဒီယိုလာထံက ကြားရခဲမယ့် အရှုံးပေး ဝန်ခံစကားမျိုး ထွက်ပေါ်လာ
ဥရောပရဲ့ အကောင်းဆုံး နည်းစနစ်သမားကြီးအဖြစ် ဘောလုံးအသိုင်းအဝိုင်းက လေးစားရတဲ့ ဂွာဒီယိုလာကတော့ အက်စတွန်ဗီလာဟာ မန်စီးတီး ကစားတာထက် ပိုကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်လို့ ဝန်ခံသွားပါတယ်။
ဖလား ၃ လုံး ချန်ပီယံအသင်းဟာ ဒီရာသီမှာတော့ ထိပ်ဆုံးနေရာ ဆက်ထိန်းဖို့ကို ပေါ့လျော့နေခဲ့သလို အသင်းရဲ့ ကစားဟန်ကလည်း ဂွာဒီယိုလာ ကိုင်တွယ်မှု တစ်လျှောက် အရုန်းကန်ရဆုံး အနေအထားထိ ကျဆင်းနေတာပါ။
အက်စ်တွန်ဗီလာကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အားသွန်ခွန်စိုက် ကြိုးစားနေတဲံ အသင်းဖြစ်ကာ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ အိမ်ရှင် ဗီလာက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဧည့်သည် မန်ချက်စတာ စီးတီးထက် ခြေစွမ်းပိုင်းမှာ ပိုသာအောင် ကစားသွားနိုင်ခဲ့ပါတယ်။
ဗီလာက ဂိုးကန်သွင်းခွင့် ၂၂ကြိမ် အထိ ရရှိခဲ့ချိန်မှာ ဧည့်သည် မန်ချက်စတာ စီးတီးကတော့ တပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၂ကြိမ်သာ ရခဲ့တာကြောင့် ဒီပွဲစဉ်ဟာ ဂွာဒီယိုလာရဲ့ စီးတီးနည်းပြဘဝ ခြေစွမ်းအဆိုးဝါးဆုံးပွဲလို့တောင် ပြောလို့ရပါတယ်။
ဂွာဒီယိုလာကလည်း ဒီနေ့ပွဲမှာ ဗီလာက သူတို့အသင်းထက် ခြေစွမ်းပိုင်း ပိုသာခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
ဂွာဒီယိုလာက “ ဗီလာက ဒီနေ့ညမှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ်။ သူတို့က ကစားပုံကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့ ကစားကွက်ကို ပုံဖော်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
တချို့အချိန်တွေမှာလည်း မာမာထန်ထန် ကစားနိုင်ခဲ့သင့်ပေမယ့် မျှော်လင့်ထားသလို မကစားနိုင်ခဲ့ပါဘူး။ ပိုကောင်းတဲ့အသင်းက နိုင်သွားခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။