နောက်ထပ် မန်စီးတီး စတားတစ်ဦးကို ထပ်လိုချင်နေပြန်တဲ့ ဘာစီလိုနာ နည်းပြဇာဗီ
မန်စီးတီးကစားသမားတွေဆိုရင် အရမ်းကို သဘောကျလေ့ရှိတဲ့ ဘာစီလိုနာနည်းပြ ဇာဗီကတော့ အာဂျင်တီးနား တိုက်စစ် ကြယ်ပွင့် ကစားသမားလေး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ကက်တလန်ကလပ်အတွက် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
မန်စီးတီး ကစားသမားဟောင်းတွေဖြစ်တဲ့ အဂွဲရိုး၊ ဂွန်ဒိုဂန်၊ တောရက်စ် နဲ့ ဂါဆီယာတို့ကို ခေါ်ယူထားခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းက အခုလည်း မန်စီးတီးရဲ့ ကစားသမားတွေဖြစ်သော ဘာနာဒို ဆေးလ်ဗား နဲ့ အယ်လ်ဗာရက်ဇ်တို့ကိုပါ မျက်စိကျနေပြန်ပါတယ်။
ဘာစီလိုနာအနေနဲ့ လာမယ့်နွေမှာ အသင်းရဲ့ ပိုလန် ဝါရင့် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးနဲ့ လက်တွဲဖြုတ်သွားဖို့ ရှိနေသလို ဂျာအို ဖီးလစ်ကိုလည်း အသက်လက်တီကိုကနေ အပြီးသတ် ခေါ်ယူဖို့ မသေချာသေးတာကြောင့် တိုက်စစ်ပိုင်းအတွက် အားဖြည့်မှုကြီး တစ်ရပ် လုပ်ဆောင်သွားချင်နေပါတယ်။

လာမယ့် ဇန်နဝါရီမှာတော့ ဆယ်ကျော်သက် ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗစ်တာ ရိုကေးက ဘာစီလိုနာနဲ့ စတင် ပူးပေါင်းသွားတော့မှာ ဖြစ်ပေမယ့်လည်း နည်းပြ ဇာဗီကတော့ သူ့အသင်းရဲ့တိုက်စစ်မှာ နောက်ထပ် တောင်အမေရိက ကြယ်ပွင့်တစ်ဦးကို ဆက်လက် အားဖြည့်ချင်နေပြန်ပါတယ်။
ဇာဗီ လိုချင်နေတဲ့ အယ်လ်ဗာရက်ဇ်က မနှစ်ကမှ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့သူဖြစ်ပြီး ကစားသမားဘဝရဲ့ အချိန်လေးအတွင်းမှာပဲ အာဂျင်တီးနားနဲ့ရော မန်စီးတီးနဲ့ပါ အောင်မြင်မှုတွေ တသီတသန်းကြီး ရရှိထားသူလည်း ဖြစ်ပါတယ်။
အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာနည်းတူ သူရဲ့မဟာပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ်ကပါ စိတ်ဝင်စားလျက် ရှိနေပြီး အယ်လ်ဗာရက်ဇ်က မန်စီးတီးနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုထားပေမယ့် ဘာစီလိုနာ ရီးယဲလ်တို့လို အသင်းမျိုးတွေမှာပါ ပါဝင်ကစားဖို့ ဆန္ဒရှိလာနိုင်ပါတယ်။
