၄ ပွဲဆက် နိုင်ပွဲပျောက်မှု လူတန်တောင်းပွဲမှာ မန်စီးတီးတို့ ရပ်တန့်နိုင်မှာလား ပေါမာဆန်ရဲ့ ပွဲရလဒ် ခန့်မှန်း

ပြီးခဲ့တဲ့ ပွဲတုန်းက မထင်မှတ်ဘဲ ဗီလာကို ရှုံးလိုက်တဲ့ မန်စီးတီးအသင်းဟာ ဒီအပတ်မှာတော့ လူတန်တောင်း အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန် လူတန်တို့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ လူတန်တောင်း – မန်စီးတီး အသင်းတို့ပွဲစဉ် ဘယ်လို ဖြစ်မလဲ ဆိုတာ ကြိုတင် သုံးသပ် ဟောကိန်းထုတ်လာပြီ ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ ပွဲတုန်းက အာဆင်နယ်ကို ရင်ဆိုင်ရာမှာ လူတန်က အတော်လေး ကောင်းခဲ့ပြီး သွင်းဂိုး ၃ ဂိုး ရယူနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ဒီကလန်ရိုက်စ်ရဲ့ ဂိုးကြောင့် အာဆင်နယ်တို့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

အကယ်လို့ မန်စီးတီးကို လူတန်တို့ အနိုင်ယူခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ထိန့်လန့်ဖွယ် အကောင်းဆုံး နိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။

ရိုဒရီ မပါနိုင်ခဲ့တာ စီးတီး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ အခန်ဂျီနဲ့ ရီကို လူဝစ်တို့ကလည်း ရိုဒရီနေရာ ကစားနိုင်ပေမယ့် စပိန်ကွင်းလယ်လူက ခြားနားတဲ့ အဆင့်မှာ ရှိသူဖြစ်ပါတယ်။

မန်စီးတီးက နိုင်ပွဲ ပျောက်နေခဲ့တာ ၄ ပွဲဆက်တိုက် ရှိနေပါပြီ။ ဒါပေမယ့် သူတို့ ဒီပွဲကို သက်သောင့်သက်သာ အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ ပြန်ဝင်လာပါလိမ့်မယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ လူတန်တောင်း ၁-၄ မန်စီးတီး ဖြစ်ပါတယ်။