အသည်းအသန် ပွဲတစ်ပွဲ ကစားခဲ့ရပေမယ့် ၃ မိနစ်၂ ဂိုးနဲ့အတူ ဖလားပြေးလမ်းထဲ ပြန်ဝင်လာတဲ့ မန်စီးတီး

မန်စီးတီးဟာ အဝေးကွင်းမှာ လူတန်တောင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားပြီး မြန်ဆန်တဲ့ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့်ပဲ ၂-၁ ရလဒ်ဖြင့် နိုင်ပွဲတစ်ပွဲကို ပြန်ပြီး ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လူတန်တောင်းအသင်းဟာ အိမ်ကွင်းပုံစံကောင်းသလို စီးတီးကို ရင်ဆိုင်ရာမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသခဲ့ပြီး ပထမပိုင်းပြီးခါနီးမှ အဒီဘာယိုရဲ့ ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။
လူတန်က တန်းတက်အသင်းဆိုပေမယ့် အသင်းကြီးတွေကို ခံကစားနိုင်သလို ခြိမ်းခြောက်မှုအပြည့်ရှိတဲ့ အသင်းတသင်းပုံစံ ပြသနိုင်ခဲ့ပါတယ်။ ဟာလန်း မပါနိုင်ခြင်းကလည်း စီးတီးရဲ့ တိုက်စစ်ကို အားပျော့စေကာ ဂိုးပေါက် ခြိမ်းခြောက်မှုတွေက သွင်းဂိုးတွေ ဖြစ်မလာခဲ့ပါဘူး။
ဒုတိယပိုင်းရောက်မှ အယ်လ်ဗာရက်ဇ်၊ ဂရီလစ်ရှ်တို့က ၃ မိနစ်အတွင်း ဂိုးတွေကို ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး လူတန်ကို ၁-၂ နဲ့ ပြန်လည် ဦးဆောင်စေခဲ့ပါတယ်။ ထင်မှတ်မထားဘဲ နှစ်ဂိုးပေးလိုက်ရတဲ့နောက် လူတန်ဘက်က ပြင်းပြင်းထန်ထန် အားထုတ်ပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။
နည်းပြဂွာဒီယိုလာတယောက် ဒီပွဲခြေစွမ်းကို အတော်လေး သဘောမကျဖြစ်နေတာ သိသာခဲ့ပြီး အနိုင်ဂိုးရမှပဲ သက်ပြင်းချနိုင်ခဲ့ပြီး ပြုံးပျော်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာဆိုရင် စီနီယာ ကစားသမား အချို့ကို တစ်ဦးချင်းတွေ လိုက်ပြောနေခဲ့တာကို မြင်ခဲ့ရပါတယ်။
ဒီပွဲကိုအနိုင်ရခဲ့လို့ မန်စီးတီးတို့ ဇယားထိပ်က လီဗာပူးနဲ့ ၄ မှတ်အကွာ အနေအထားကိုတော့ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။