ရလဒ်တွေ အနည်းငယ် ကျဆင်းနေတဲ့ မန်စီးတီးအသင်း ပြိုလဲတော့ မယောင်ယောင် ဝေဖန်နေကြမှုတွေအား တုန့်ပြန်

လူတန်တောင်းကို နောက်ကနေ လိုက်ကစားပြီး ၂-၁ ဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ် ၅ ပွဲအတွင်း ပထမဆုံး နိုင်ပွဲ ပြန်ယူပြနိုင်ခြင်းကို ဂရီလစ်ချ်က ကျေနပ်နေပါတယ်။

မန်စီးတီးဟာ စပါး၊ လီဗာပူး၊ ချယ်ဆီး၊ ဗီလာတို့လို အသင်းကောင်းတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရကာ ရနိုင်တဲ့ ၁၂ မှတ်မှာ ၃ မှတ်ပဲ စုဆောင်းနိုင်ခဲ့တာပါ။ လူတန်ပွဲကို အနိုင်ရခြင်းက ဇယားထိပ်က လီဗာပူးနဲ့ ၄ မှတ်အကွာကို ပြန်ရောက်စေခဲ့ပါတယ်။

ပထမပိုင်းကို ၁-၀ ဖြင့် ရှုံးနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ၃ မိနစ်အတွင်းမှာပဲ ဘာနာဒိုနဲ့ ဂရီလစ်ချ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂရီလစ်ချ်က ” လူတိုင်းက မန်စီးတီးအသင်းက ကပ်ပဲ ဆိုက်နေသလိုလို အများကြီး ဝေဖန် ပြောဆိုနေကြပါတယ်။ တကယ်တမ်းမှာတော့ ကျနော်တို့ဟာ အသင်းကောင်းတွေကို ဆက်တိုက် ကစားခဲ့ရတာပါ။

စပါးက သိပ်ကောင်းသလို လီဗာပူးကလည်း ထိပ်တန်းအဆင့် ပြန်ရောက်နေတယ်။ ချယ်ဆီးကလည်း ကောင်းပါတယ်။ ဥရောပမှာ အကောင်းဆုံး အိမ်ကွင်း မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်နေတဲ့ ဗီလာကွင်းမှာလည်း သွားကစားခဲ့ရတယ်။

ဒီနေ့ပွဲမှာ ကျနော်တို့ တည်ငြိမ်ဖို့ လိုအပ်တာကို နားလည်ခဲ့ပါတယ်။ နိုင်ပွဲ ပြန်ရှာနိုင်ဖို့ လိုအပ်နေတာကိုလည်း နားလည်ခဲ့ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။