မက်ဆီနဲ့ ရော်နယ်ဒိုမှာ သူ့ရဲ့ စံပြ ကစားသမားက ဘယ်သူလဲ ဟာလန်းရဲ့ ထုတ်ဖော်မှု

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက သူဟာ လက်ရှိ ဘောလုံးလောကရဲ့ GOAT တစ်ဦးဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုကို လေးစားအားကျသူဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

မျက်မှောက်ခေတ် ဘောလုံးသမား အများစုဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ကို အားကျ အတုယူတတ်ကြပြီး ဘောလုံးကမ္ဘာရဲ့ စံနမူနာ ကစားသမားတွေအဖြစ် မှတ်ယူထားကြတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဟာလန်းကလည်း သူ့ရဲ့ စံပြ ကစားသမားဟာ ရော်နယ်ဒို ဖြစ်ကြောင်းကို

“ကျွန်တော် ခရစ္စတီယာနိုနဲ့ တွေ့ဆုံချင်မိပါတယ်။ ပြီးရင် သူ့ကြောင့် ကျွန်တော် ဘောလုံးသမား ဖြစ်လာခဲ့တာကို ပြောပြချင်ပါတယ်။ ကျွန်တော့်အတွက်တော့ ခရစ္စတီယာနိုက အမြဲတမ်း စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီ ရွှေဘောလုံး ဆုရွေးချယ်ရာမှာ မက်ဆီနဲ့ အပြိုင်ဖြစ်ခဲ့ပေမယ့် ဒုတိယနေရာက ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ မနှစ်က ဖလား ၃ လုံး အောင်မြင်ခဲ့ပေမယ့် မက်ဆီရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။

ဟာလန်းဟာ ရော်နယ်ဒို မက်ဆီတို့ ခေတ်အလွန် ကီလီယန် အမ်ဘာပေနဲ့အတူ အနာဂတ် ဘောလုံးလောကကို လွှမ်းမိုးကြမယ့် ကစားသမားတွေအဖြစ် ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။