နည်းပြဂွာဒီယိုလာကို အာတီတာတုန်းကလို အရေးယူလေလို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆို

လူတန်တောင်း နိုင်ပွဲမှာ ဂွာဒီယိုလာက စတုတ္ထဒိုင်နဲ့ စကားများနေခဲ့တာကြောင့် ဒိုင်တွေကို စောဒကတက်နေတဲ့ စီးတီးနည်းပြကိုလည်း အရေးယူသင့်တယ်လို့ အာဆင်နယ်ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။

ဂွာဒီယိုလာဟာ ဒီတလောမှာ ဒိုင်တွေနဲ့ စကားများမှု ပြန်ဖြစ်လာနေပြီး စပါးပွဲမှာ ဂရီလစ်ချ်ကို ဘောလုံးဆက်ကစားခွင့် ပိတ်ပင်ခဲ့ရာက ဒေါသပေါက်ကွဲခဲ့တာပါ။

အဲ့တုန်းက ဒိုင်တွေအပေါ် ထင်မြင်ချက်ပေးဖို့ တောင်းဆိုခံရချိန်မှာ ဂွာဒီယိုလာက “ ကျွန်တော် အာတီတာပေးတဲ့ မှတ်ချက်လိုမျိုး ပေးနေမှာ မဟုတ်ပါဘူး။ အခြားအကြောင်းပဲ ပြောရအောင် ” လို့ တုန့်ပြန်ခဲ့တာပါ။

လူတန်ပွဲမှာတော့ ဂွာဒီယိုလာဟာ ပထမပိုင်းအပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမကျကာ လက်ညှိုးထိုး ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဂွာဒီယိုလာဟာ နည်းစနစ် ဧရိယာအပြင်ဘက်ထွက်ကာ ဒိုင်လူကြီးကို လှောင်ပြောင်တာမျိုးပါ လုပ်ခဲ့တာပါ။

အာဆင်နယ် ပရိသတ်တွေကတော့ လူတန်တောင်းပွဲမှာ ရိုက်စ်ရဲ့ အနိုင်ဂိုးအတွက် အာတီတာ အောင်ပွဲခံတုန်းက အဝါကတ် ပြသခဲ့သလိုပဲ ဂွာဒီယိုလာရဲ့ လွန်ကဲတဲ့ အပြုအမှုအတွက်လည်း ပြစ်ဒဏ် မပေးသင့်ဘူးလားလို့ အက်ဖ်အေကို လိပ်မူပြီး ဝေဖန်နေခဲ့ကြတယ်။

အာတီတာက အောင်ပွဲခံပုံ လွန်ကျူးခဲ့တာလောက်ဖြစ်ပြီး ဂွာဒီယိုလာကတော့ ပွဲထဲမှာ ဒိုင်ကိုပါ လက်ညှိုးထိုးနေတာမို့ စီးတီးနည်းပြကို ပွဲပယ်တွေပါ ပြစ်ဒဏ်ပေးသင့်ကြောင်း တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။