အနိုင်ယူနိုင်စွမ်း ကင်းမဲ့နေတဲ့ မန်စီးတီး အသင်းသားတွေ အသိပြန်ဝင်လာအောင် ဂွာဒီယိုလာ ပြောဆိုခဲ့တဲ့ စကား

မကြာသေးမီက ၄ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ စီးတီးဟာ လူတန်တောင်းကို နောက်ကနေ ပြန်လိုက်ကစားကာ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ပြီး လီဗာပူးနဲ့ ၄ မှတ်အကွာကို ပြန်ရောက်လာခဲ့ပါတယ်။

တန်းတက်အသင်းကို ရင်ဆိုင်ရာမှာ မန်စီးတီးဟာ ပထမပိုင်းအတွင်း ဘောလုံးကိုင်ကာ အသာစီးကနေ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုတော့ များများစားစားပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ မန်စီတီးရဲ့ကစားပုံဟာ ပထမပိုင်းမှာ စိတ်ပျက်စရာကောင်းနေခဲ့ပြီး လူတန်တောင်းရဲ့ ဦးဆောင်ဂိုးကိုပါ ခွင့်ပြုခဲ့ရပါတယ်။

ပထမပိုင်းအပြီးမှာ ကစားသမားတွေကို အဝတ်လဲခန်းအတွင်း တွန်းအားပေးခဲ့တဲ့ အကြောင်းကို ဂွါဒီယိုလာက “ ကျွန်တော်ပြောခဲ့တာက “ငါတို့ဘာလုပ်ကြမလဲ။ ဒီဂိုးပေးလိုက်ရလို့ ဝမ်းနည်းနေမှာလား။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှာလား။

ဘောလုံးမှာက ဒီလိုပဲ ဂိုးတွေပေးရတာပဲလေ။ ငါတို့အခုဘာလုပ်မှာပဲ။ ပွဲကိုဆက်ကစားမှာလား။ အပြစ်တင်နေကြမှာလား။ တိုက်စစ်ကစားသမားတွေ ပြင်းပြင်းထန်ထန်ကစားပြီး ဂိုးသွင်းကြပါ။ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ ကစားကြပါ။ ငါတို့ ကိုယ့်ကိုယ်ကိုယ် ညှာလို့မရဘူး ” လိုပြောခဲ့တာပါ။

“ ကျွန်တော်တို့ဟာ ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကြီးတစ်သင်းပါ။ ကျွန်တော်တို့ ၁၈ ပွဲလောက် ၄-၀ နဲ့နိုင်ပွဲတွေ ဆက်တိုက်ရှိခဲ့ပေမယ့် ကျွန်တော်တို့ကို အသိအမှတ်ပြုတဲ့သူ များများစားစားမရှိခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။