မန်စီးတီး အပယ်ခံ ကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ၂ သင်း စုံစမ်းလာ

မန်ချက်စတာ မြို့ခံပြိုင်ဘက် မန်ယူအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း စီးတီးမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။

အသက် ၂၈နှစ် အရွယ် ကယ်ဗင် ဖီးလစ်က လိဒ်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ သူ့ကို ယူနိုက်တက် အပြင် ဒဏ်ရာရစာရင်း များပြားနေတဲ့ နယူးကာဆယ်ကလည်း ခေါ်ယူလိုနေပါတယ်။

နည်းပြ ဂွာဒီယိုလာကတော့ ကယ်ဗင် ဖီးလစ်ဟာ အခုလို ပွဲကစားခွင့် မရတာမျိုးနဲ့ ထိုက်တန်သူ မဟုတ်ကြောင်းကို ဝန်ခံထားပြီး ကစားသမားဘက်က အသင်းပြောင်းလိုရင် ပြောင်းခွင့်ပေးမယ့် သဘော ပြောဆိုထားပါတယ်။

ကလပ်တွေက ကယ်ဗင် ဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေး ၊ လုပ်ခလစာ ၊ အေးဂျင့်ခ စတဲ့ အချက်တွေကို စတင် စုံစမ်းနေရာမှာ မန်ယူအသင်းလည်း ပါဝင်လာခဲ့တာပါ။ ၎င်းတို့ကလည်း ဇန်နဝါရီမှာ ကစားသမား ရှင်းထုတ်မှုတွေ ပြုလုပ်ကာ အစားထိုးမှုတွေလည်း တစ်ပါးတည်း လုပ်လိုနေပါတယ်။

စီးတီးကတော့ ကယ်ဗင် ဖီးလစ်ကို လက်လွတ်ပေးမှာ ဖြစ်ပေမယ့် စျေးပေါပေါနဲ့တော့ မဟုတ်ဘဲ အင်္ဂလန်သားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် လိုချင်နေတာဖြစ်ပါတယ်။