အမှတ်ပေး ဇယားထိပ်နဲ့ အမှတ်တွေ ကွာနေပေမယ့် ပရိသတ်တွေ စိုးရိမ်ဖို့ မလိုပါကြောင်း ရှင်းပြမှု

လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်နေမှုအား လူတန်တောင်း အသင်းကို အနိုင်ယူခြင်းနဲ့အတူ ရပ်တန့်နိုင်ခဲ့ပါပြီ။

စီးတီးဟာ နောက်ဆုံး ၄ပွဲဆက် ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် ၊ အက်စတွန် ဗီလာတို့နဲ့ ပွဲကြပ် ဆင်နွှဲခဲ့ရကာ ၊ ရှေ့၃ပွဲကို သရေကျပြီး ၊ ဗီလာကိုတော့ ၁ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ရမှတ် ၉မှတ်ထိ လျော့ကျခဲ့ရပါတယ် ။

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက အထက်ပါ ကလပ် ၄သင်းကို တမူထူးခြားတဲ့ အသင်းတွေ အဖြစ် ခေါ်ဝေါ်သုံးနှုန်းရင်း ပွဲကြပ်ကာလကို ရင်ဆိုင်နေရတာမို့ ဇယားထိပ်နဲ့ လက်တလော ဝေးကွာနေခြင်း အပေါ် မစိုးရိမ်ကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ် ။

ပက် က ” ကျွန်တော်တို့ဟာ တကယ့် ထိပ်တန်း အသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ ။ ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် ၊ အက်စတွန် ဗီလာတို့ဟာ လက်ရှိမှာ တမူထူးခြားတဲ့ အသင်းတွေ ဖြစ်ပါတယ် ။ ပြီးခဲ့တာက ပြီးခဲ့ပါပြီ ။

အခုလို အနေအထားမျိုးဆီ ရောက်နေတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး ။ ဘောလုံးရာသီတိုင်း လိုချင်တဲ့ ရမှတ်တွေ မယူနိုင်တဲ့ အချိုးအကွေ့မျိုး ကျွန်တော်တို့ ကြုံတွေ့ဖူးပါတယ်။

မနှစ်က ကျွန်တော်တို့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရလဲ? ဒဏ်ရာ ပြဿနာတွေ အများကြီးနဲ့ ကျွန်တော်တို့ဟာ အာဆင်နယ် အနောက် ၈မှတ် ၊ ၉မှတ် အထိ ပြတ်ကျန်ခဲ့တာပါ ” လို့ ပြောကြားခဲ့ပါတယ်။