အီတီဟက်က ဘောကောက်လေး အဖြစ်ကနေ မန်စီးတီးအတွက် သွင်းဂိုးရှင်ဖြစ်လာတဲ့ ဟာမီတန်

မန်စီးတီးလူငယ်ကြယ်ပွင့် မီကာဟာမီတန်ဟာ ရက်စတားဘဲလ်ဂရိတ်အား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ မန်စီးတီးအတွက် ပထမဆုံး ပွဲကစားခွင့်ရခဲ့ရာမှာ ပထမဆုံးဂိုး သွင်းနိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ ရက်စတားဘဲလ်ဂရိတ်နိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စု ၆ ပွဲလုံး အနိုင်ရရှိကာ ရာနှုန်းပြည့်နိုင်ပွဲဖြင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

အသက် ၂၀ နှစ်ရှိ ဟာမီတန်ဟာ အသက် ၉ နှစ်အရွယ်ကတည်းက မန်စီးတီးသို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဟာမီတန်ဟာ ပွဲချိန် ၁၉ မိနစ်မှာ မားသီးယပ်စ် နူနက်စ်ရဲ့ ချပေးမှုကနေ ပင်နယ်တီဧရိယာထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာတော့ သတင်းထောက်တွေက လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဂွာဒီယိုလာနဲ့အတူ ဓါတ်ပုံတွဲရိုက်ထားတဲ့ ဘောကောက်လေးဟာ အခု ဂိုးသွင်းသွားတဲ့ ဟာမီတန်ဆိုတာ သိခဲ့ပါသလားလို့ ဂွာဒီယိုလာကို မေးမြန်းခဲ့ကြပါတယ်။

နည်းပြကြီးက အံ့အားသင့်ခဲ့ပြီး အဆိုပါ ဓါတ်ပုံကို တောင်းယူကြည့်ရှုခဲ့သလို ကောင်းကောင်းကြီးပြင်းလာတာပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ အုပ်စုဗိုလ်အဖြစ် တက်ရောက်ခဲ့ပြီး လိုက်ဇစ်က အုပ်စုဒုတိယအဖြစ်ဖြင့် နောက်တဆင့်တက်ခဲ့ပါတယ်။