ဂွာဒီယိုလာ စိတ်ကြိုက် ကစားသမားကို လက်ဦးမှုယူပြီး ဘာစီလိုနာထံ ခေါ်ယူနိုင်ဖို့ ဇာဗီ ကြိုးစားမည်

မန်စီးတီးနည်းပြ ဂွာဒီယိုလာ သဘောကျနေတဲ့ ဂျာမာန် ကွင်းလယ်လူ ကင်မစ်ချ်ကို ခေါ်ယူနိုင်ရေး လက်ဦးမှုယူဖို့ ဘာစီလိုနာဘက်က စီစဉ်လာနေပြီ ဖြစ်ပါတယ်။

အသက် (၂၈) နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်ကွင်းလယ်ကစားသမား ကင်မစ်ချ်သည် ၂၀၂၅ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ကင်မစ်ချ်အား စာချုပ်သက်တမ်းတိုးလိုသော်လည်း ကစားသမားဘက်က ငြင်းပယ်ပါက လာမည့် ၂၀၂၄ နွေရာသီတွင် ရောင်းထုတ်ရန် အသင့်ရှိနေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

နည်းပြဂွာဒီယိုလာက ညာခြမ်းနဲ့ ကွင်းလယ်ကို နှစ်နေရာလုံး ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တဲ့ ကင်မစ်ချ်ကို သူ့ရဲ့ စနစ်မှာ အံဝင်မယ်လို့ မြင်ထားပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း ဘူးစကွက်စ်နေရာတွင် အစားထိုးဖို့ ကင်မစ်ချ်ကို ခေါ်ယူလိုနေကြောင်း သိရှိရသည်။

စီးတီးရဲ့ ဦးစားပေး ပစ်မှတ်တွေထဲမှာတော့ ကင်မစ်ချ် မပါဝင်သေးဘဲ ဘိုင်ယန်မြူးနစ်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း တောင်းဆိုဖွယ်ရှိနေတာကလည်း စီးတီး တာဝန်ရှိသူတွေကို များစွာ စဉ်းစားရစေတယ်လို့ သိရပါတယ်။