ခံစစ်ပိုင်း အူကြောင်ကြောင် လုပ်ရပ်တွေ ပွဲအထိန်းလွန်မှုတွေကြောင့် စီးတီး အစစ်အမှန်ကို ပြသနိုင်ခြင်း မရှိဘဲ အိမ်ကွင်းမှာ ထပ်ပြီး ရမှတ် ဆုံးရှုံးခဲ့ပါပြီ

မန်စီးတီးဟာ အီသီဟတ်မှာ ဂရီလစ်ချ်၊ လူးဝစ်တို့ ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ပွဲထိန်းနိုင်စွမ်း နည်းပါးခြင်းကြောင့် ခြေပဂိုးတွေ ပေးခဲ့ရကာ ပဲလေစ့်နဲ့ ၂-၂ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။

ဟာလန်း မပါနိုင်တာကြောင့် အဲဗာရက်စ် အထောင်တိုက်စစ်မှူးအဖြစ် တာဝန်ယူခဲ့ကာ စီးတီးတို့ ပွဲချဉ်းကပ်ပုံကော ကစားဟန်ပါ အစစ အရာရာ သာလွန် ကောင်းမွန်ခဲ့ပါတယ်။ ပေးချက်တွေ၊ ဖြတ်တင်ဘောတွေနဲ့ စီးတီးရဲ့ ထိုးဖောက်မှုတွေကို ခုခံဖို့ ပဲလေစ့်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။

စီးတီးတို့ ကောင်းသလိုပဲ ပဲလေစ့်ရဲ့ ဒီပွဲ ခံစစ်ပိတ်ကစားပုံကလည်း ကောင်းနေတာမို့ သွင်းဂိုး ခပ်စောစော မြင်ရခြင်း မရှိပါဘူး။ ဒါပေမယ့် ပွဲမိနစ် ကြာလာလေ စီးတီး ဂိုးရဖို့ နီးစပ်လာလေ ဆိုတာကိုတော့ ခံစားမိနေခဲ့ပါတယ်။

စီးတီးရဲ့ ဂိုးကတော့ ဖိုဒန်ကပဲ ပါးနပ်စွာ ဧရိယာထဲ နေရာယူထားတဲ့ ဂရီလစ်ချ်ကို ပေးခဲ့တာဖြစ်ကာ တောင်ပံသမားက ဂိုးထောင့်ကို အသာလေး ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂရီလစ်ချ်နဲ့ ပဲလေစ့် ခံစစ်သမား ကလိုင်းတို့ရဲ့ အခြေအနေအတွက် VAR စစ်ခဲ့ပြီး နောက်ဆုံးမှာ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ပထမပိုင်း ပြီးခါနီး ပဲလေစ့်ဘက်က ထိုးဖောက်မှုကို အီဒါဆန် ထွက်ရှင်းခဲ့ရကာ ကံကောင်းလို့ အဝါကဒ်ပဲ ပြခံခဲ့ရပါတယ်။ ၄၅ မိနစ်လုံး စီးတီးရဲ့ ကစားပုံက ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း အစလောက်မှာပဲ စီးတီးအတွက် ဒုတိယဂိုးကို ဧရိယာထဲမှာ လူးဝစ် ပိတ်သွင်းသွားခဲ့ပါတယ်။ ဒါဟာ ရီကို လူးဝစ်ရဲ့ စီးတီး ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ် သွင်းဂိုးပဲ ဖြစ်ပါတယ်။

ဒါပေမယ့် စီးတီးရဲ့ ပွဲထိန်းပုံ မသေသပ်ခြင်းတွေက တစ်ဆင့် မထင်မှတ်ဘဲ ပဲလေစ့်တို့ ကောင်တာကနေ ထိုးဖောက်ပြီး ခြေပဂိုး ရယူသွားပါတယ်။ ပွဲကို အေးအေးဆေးဆေး အဆုံးသတ်နိုင်အောင် ကြိုးစားပေမယ့် ပွဲပြီးခါနီးမှ မိုက်မဲတဲ့ ခံစစ်ရှင်းထုတ်မှုကနေ ပဲလေစ့်တို့ ပင်နယ်တီရပြီး နောက်ထပ် ခြေပဂိုး ထပ်ယူသွားခဲ့ပါတယ်။

စီးတီးခံစစ်ဟာ ဒီရာသီ အတော်လေး ညံ့ဖျင်းလှပြီး ဝေါ်ကာတို့တွေ မကြာခဏ ထထဖောက်မှုတွေကနေ ဂိုးတွေ ပေးနေခဲ့ရတာပါ။ သရေပွဲရလဒ်ကြောင့် မန်စီးတီးဟာ အိမ်ကွင်းမှာ ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပြီး ဇယားထိပ်ကို ပြန်တက်ဖို့ ဝေဝါးနေဆဲပဲ ဖြစ်ပါတယ်။