မန်စီးတီးရဲ့ ဆုဖလားခန်းထဲ ကလပ်ကမ္ဘာ့ဖလားဆိုတဲ့ ဖလားသစ် ထပ်ဖြည့်ကြမယ်လို့ တိုက်တွန်း

လာမယ့်သီတင်းပတ်၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ချိန်မှာ မန်စီးတီးကစားသမားတွေဟာ အရာအားလုံးကို စွန့်လွှတ်ပြီး ယှဉ်ပြိုင်ကစားရမယ်လို့ နည်းပြပက်ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးက ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့မှာ အူရာဝါရက်ဒ်ဒိုင်းမွန်းအသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိပါတယ်။

ပက်ဂွာဒီယိုလာက “ ကစားသမားတွေကို ကလပ်ကမ္ဘာ့ဖလား အနိုင်ယူဖို့ရာ စိတ်အားထက်သန်နေစေချင်တယ်။ ဒီဖလားက ပွဲစဉ်နှစ်ခုလောက်ပဲ ကစားရမှာပါ။

ပထမဆုံးကစားရမယ့်ပွဲစဉ်ကို အနိုင်ရရင် ဖိုင်နယ်တက်မယ်၊ မနိုင်ရင်တော့ အနာဂတ်မှာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ မျှော်လင့်ရင်း နောက်တစ်ကြိမ် ယှဉ်ပြိုင်သွားရပါမယ်။

ရိုးရှင်းတဲ့ ပွဲစဉ်နှစ်ခုလောက်ပဲ ယှဉ်ပြိုင်ကစားရပါမယ်။ အထူးသဖြင့် ပထမဆုံးပွဲစဉ်ပေါ့။ ဒီပွဲစဉ်က ဖိုင်နယ်အထိ လမ်းကြောင်းပွင့်စေနိုင်သလို အခြားတစ်ဖက်မှာလည်း တတိယနေရာလုပွဲဆီ ရောက်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်သွားရပါမယ်။

ဒီဆုဖလားကို ဘယ်တုန်းကမှ အနိုင်မရဖူးခဲ့ဘူးဆိုတဲ့ ခံစားချက်နဲ့ စိတ်ဓါတ်လှုံ့ဆော်မှုကသာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။