လီဗာပူး ပရိသတ်တွေ ဖော်ထုတ်လာတဲ့ စီးတီးပွဲအတွင်း ရွိုင်းဟော့ဒ်ဆန် အပြုံးရဲ့နောက်က အဓိပ္ပာယ်
မန်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့တဲ့ မနေ့ကပွဲစဉ်မှာ ပဲလေစ့်နည်းပြရဲ့ အပြုအမှုကြောင့် လီဗာပူးပရိသတ် အများအပြားက ဟားတိုက်မှု ပြုလုပ်ခဲ့ကြပါတယ်။
မန်စီးတီးက ဂရီလစ်ရှ်၊ လီဝစ်တို့ရဲ့ ဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်အတွက် မာတေတာ၊ အိုလိုက်စ်တို့က ချေပဂိုးတွေ ပြန်လည်သွင်းယူပေးခဲ့တာကြောင့် မန်စီးတီးတို့ အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပင်နယ်တီဝင်သွားချိန်မှာ ဂွာဒီယိုလာတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ သူ့ခေါင်းကိုကိုင်ကာ ကြေကွဲနေခဲ့ပြီး ဒီဖြစ်ရပ်ကို ရွိုင်းဟော့ဒ်ဆန်က ရယ်မောရင်း ကြည့်ရှုနေခဲ့တာပါ။ ရွိုင်းဟော့ဒ်ဆန်ရဲ့ အပြုအမှုဟာ သူတို့ကို ကိုယ်စားပြုတယ်ဆိုပြီး လီဗာပူးပရိသတ်တွေက ကျေနပ်အားရခဲ့ကြတယ်။
ရွိုင်းဟော့ဒ်ဆန်ဟာ လီဗာပူးအသင်း နည်းပြဟောင်းဖြစ်ပြီး အသင်းဟောင်းကို ဇယားထိပ်မှာ အမှတ်ဖြတ်နိုင်အောင် ကူညီပေးနိုင်လို့ ပျော်ရွှင်နေတာလို့လည်း လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတယ်။
ဒီရလဒ်ကြောင့် မန်စီးတီးအတွက် ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲအထိ နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာဆိုရင် ၃ ပွဲဆက် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပဲလေ့စ်နဲ့ပွဲအပြီးမှာ မန်စီးတီးတို့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေ ကစားဖို့ ခရီးထွက်ခွာရတော့မှာလည်း ဖြစ်ပါတယ်။ ဒီကြားထဲမှာ စီးတီးတို့ အမှတ်ပေးပွဲ ကစားနိုင်ဦးမှာ မဟုတ်ဘဲ လီဗာပူးကတော့ မန်ယူ၊ အာဆင်နယ်လို ပြိုင်ဘက်တွေ အပါအဝင် အမှတ်ပေးပွဲ ၃ ပွဲ ကစားသွားရမှာ ဖြစ်ပါတယ်။
