မက်ဆီလက်သစ် အာဂျင်တီးနားကြယ်ပွင့်ကို ယူရို သန်း ၂၀ ဖြင့် ခေါ်ယူနိုင်တော့မယ့် မန်စီးတီး

မန်စီးတီးအသင်းနဲ့ ရေးဗားပလိတ်အသင်းကြားမှာ အာဂျင်တီးနား ကြယ်ပွင့် ကလော်ဒီယို အယ်ချီဗယ်ရီကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အသက် ၁၇နှစ် အရွယ် အာဂျင်တီးနား လူငယ်ကြယ်ပွင့် အယ်ချီဗယ်ရီက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ ကစားသမား ဖြစ်ပြီး သူက ထိုပြိုင်ပွဲမှာ ၇ပွဲ ကစားခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

အယ်ချီဗယ်ရီက နာမည်ကျော် အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီလို နံပါတ် ၁၀နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ အယိမ်းအနွဲ့ ၊ အကွက်မြင်မှုနဲ့ ဂိုးသွင်းသေသပ်မှုတို့ကြောင့် အာဂျင်တီးနား ပရိသတ်တွေက သူ့ကို မက်ဆီလက်သစ်လို့ တင်စားနေကြပါတယ်။

မန်စီးတီးကတော့ သူ့ကို ဇန်နဝါရီမှာတင် အကြို ခေါ်ယူထားကာ ရာသီကုန်ထိ ရေးဗားပလိတ်ထံ ပြန်ပြီး အငှားချထားပေးမှာပါ။ ရာသီသစ်ကျရင်တော့ ကြယ်ပွင့်လေးက မန်စီးတီးဆီ အပြီးသတ် ပြောင်းရွှေ့လာမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ကြယ်ပွင့်လေးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၂၀)ကျော် ပေးချေရမယ်လို့ သိရပါတယ်။