ကလပ်ကမ္ဘာ့ဖလား ပါဝင်ယှဉ်ပြိုင်ရတာဟာ မန်စီးတီး အရမ်းကောင်းခဲ့တာကြောင့်လို့ အသိပေးလာ

မန်စီးတီး နည်းပြ ဂွါဒီယိုလာက တစ်ချိန်က ပရီးမီးယားလိဂ် အသင်းငယ်လေး အဆင့်ကနေ ဥရောပ ချန်ပီယံဖြစ်လာခဲ့ပြီး ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိလာခြင်းဟာ ဂုဏ်ယူစရာပါလို့ ပြောဆိုပါတယ်။

မန်စီးတီးအသင်းဟာ မနှစ်ကချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်ကနေ စတင် ကစားခွင့်ရခဲ့တာပါ။ ဆော်ဒီမှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပွဲမှာ မန်စီးတီးက ဂျပန်ကလပ် အူရာဝါရတ်ဒိုင်းမွန်းစ်အသင်းနဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။

” ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းကို အထူးအခွင့်အရေး တစ်ရပ်အနေနဲ့ သဘောထားသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာကိုလည်း အရမ်းဂုဏ်ယူမိပါတယ်။

ဒီနေရာမှာ ထိုင်နေပြီး မနက်ဖြန် ကစားရမယ့်ပွဲအတွက် ထိုင်ပြောနေရတယ်ဆိုတာက အတိတ်မှာ ကျွန်တော်တို့ ဘယ်လောက်ကောင်းကောင်း လုပ်ထားသလဲဆိုတာကို ပြသနေတဲ့အရာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနေရာမှာ ရောက်နေတဲ့အချိန်မှာ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချမှာပါ။ မနက်ဖြန် ကျွန်တော်တို့ ပွဲကိုကစားမယ်။ ပြီးတော့ ဗိုလ်လုပွဲတက်ဖို့ ထိုက်တန်တယ်ဆိုတာကို သက်သေပြပါမယ် ” ဟု ဂွါဒီယိုလာက ပွဲကြိုမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။