အာဂျင်တီးနားရဲ့ မက်ဆီ လက်သစ်လေးကို ပရီးမီးယားလိဂ် ပြိုင်ဘက်နဲ့ အပြိုင် ကမ်းလှမ်းမယ့် မန်စီးတီး

မန်စီးတီးနဲ့ ချယ်ဆီးတို့ဟာ အာဂျင်တီးနားကလပ် ရေးဗားပလိတ် အသင်းမှ ကြယ်ပွင့် ကစားသမားဖြစ်တဲ့ အယ်ချီဗယ်ရီကို ခေါ်ယူဖို့ လာမယ့် စျေးကွက်မှာ အပြိုင် ကြိုးစားကြဖွယ် ရှိနေပါတယ်။
အာဂျင်တီးနား လူငယ်ကြယ်ပွင့် အယ်ချီဗယ်ရီက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲရှိသေးတဲ့ သူက သက်တမ်းအလိုက် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၇ပွဲ ကစား သွင်းဂိုး ၅ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။
အယ်ချီဗယ်ရီက နာမည်ကျော် အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီလို နံပါတ်၁၀နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ ကစားဟန်နဲ့ ဘောလုံး အမြင်ကောင်းမှုတွေကြောင့် အာဂျင်တီးနားပရိသတ်တွေက သူ့ကို မက်ဆီလက်သစ်လို့ တင်စားနေကြပါတယ်။
နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က အယ်ချီဗယ်ရီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာပြီး အယ်ချီဗယ်ရီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၂၅သန်းနဲ့ ယူရို ၃၀သန်းကြား တန်ကြေး ရှိကြောင်း သိရပါတယ်။
လက်ရှိမှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက အယ်ချီဗယ်ရီကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းကြောင့် စာချုပ်ဖျက်သိမ်းကြေးကို မပေးနိုင်ပါဘူး။
အယ်ချီဗယ်ရီရဲ့ အသင်းသစ်ဟာ မန်ချက်စတာ စီးတီးနဲ့ ချယ်ဆီးတို့ နှစ်သင်းထဲက တသင်း ဖြစ်လာဖို့ ရာခိုင်နှုန်း များနေပါတယ်။