အာရှချန်ပီယံအသင်းကို အနိုင်ယူပြီး ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ် တက်ရောက်သွားတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ မနက်က ကစားတဲ့ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အာရှ ချန်ပီယံလိဂ် ချန်ပီယံ ဂျေလိဂ်ကလပ် အူရာဝရတ်စ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
နည်းပြ ဂွာဒီယိုလာက ကလပ်ကမ္ဘာ့ဖလားအမီ တိုက်စစ်မှူး ဟာလန်း ကြံ့ခိုင်မှုပြည့်ဝနိုင်တယ်လို့ ပြောထားပေမဲ့ အခုပွဲမှာတော့ ပါဝင်လာခြင်း မရှိပါဘူး။
ဒီပွဲမှာ အဓိက ကစားသမား အများအပြားကို ထုတ်သုံးသလို လူစားလဲမှု ၅ ကြိမ် အပြည့်လည်း လုပ်ခဲ့တာကြောင့် ဂွာဒီယိုလာက ပရီးမီးယားလိဂ်ထံ ပြန်ရောက်ခဲ့ရင် ကြံ့ခိုင်မှုပိုင်း မကျချင်ဘူးဆိုတာ ပေါ်လွင်ခဲ့ပါတယ်။
ဒီပွဲကို သက်သောင့်သက်သာ ကစားနိုင်ခဲ့တာဖြစ်ပြီး စီးတီးအတွက် သွင်းဂိုးတွေကို အူရာဝရတ်စ်ကစားသမား ဟွိုင်ဘရတ်တန်ရဲ့ og နဲ့ ကိုဗာဆစ်၊ ဆေးဗားတို့က သွင်းယူပေးခဲ့ကြခြင်း ဖြစ်ပါတယ်။
နောက်ဆုံး ၉ ပွဲမှာ ပထမဆုံးအကြိမ် clean sheet ပြန်ရခဲ့တဲ့ စီးတီးဟာ ဗိုလ်လုပွဲထံ တက်ရောက်သွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ မန်စီးတီးဟာ မာဆယ်လို ပါဝင်ကစားနေတဲ့ ဘရာဇီးလ် ကလပ် ဖလူမင်နိစ်နဲ့ တွေ့ဆုံယှဥ်ပြိုင်ရမှာပါ။