စူပါကွန်ပျူတာရဲ့ နောက်ဆုံး တွက်ချက်မှုမှာ မန်စီးတီးရဲ့ ဖလားရနိုင်ချေ များစွာ ကျဆင်း

ဒီရာသီစက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်လို့ အမြင့်ဆုံး နေရာမှာ ရှိခဲ့တဲ့ မန်စီးတီးဟာ Opta ရဲ့ နောက်ဆုံးထွက် စူပါကွန်ပျူတာ တွက်ချက်မှုမှာ ရေပန်းစားမှုနှုန်း ကျဆင်းလာနေပါတယ်။

ဒီအပတ်တွေအတွင်း ဂွာဒီယိုလာရဲ့ အသင်းဟာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးခဲ့ကာ အမှတ်ပေးဇယားမှာ စတုတ္ထနေရာထိ ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားထားတဲ့ အမှတ်ပေးပွဲ ၆ ပွဲမှာ မန်စီးတီးဟာ နိုင်ပွဲ ၁ ပွဲပဲ ရခဲ့တဲ့ထိ ရုန်းကန်နေရပါတယ်။

လက်တလောမှာ မန်စီးတီးဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဆော်ဒီကို ရောက်နေတာဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်က စတင် ယှဉ်ပြိုင်ရမှာဖြစ်ကာ အနိုင်ရမယ်ဆိုရင် ဖိုင်နယ်ပွဲ ကစားရမှာပါ။

ဒီကာလတွေအတွင်းမှာ အာဆင်နယ်၊ လီဗာပူးနဲ့ အက်စတွန်ဗီလာတို့ကတော့ ပုံမှန် အတိုင်း အမှတ်ပေးပွဲတွေ ဆက်လက် ယှဉ်ပြိုင်နေရမှာ ဖြစ်ပါတယ်။

ရာသီစက Opta ရဲ့ စူပါကွန်ပျူတာရဲ့ ချန်ပီယံဖြစ်နိုင်ချေ တွက်ချက်မှုမှာ ၉၀.၂% ထိ ရခဲ့တဲ့ မန်စီးတီးဟာ လက်ရှိမှာတော့ ၃၉.၃% ထိ ကျဆင်းသွားပြီ ဖြစ်ပါတယ်။

ရာသီစောပိုင်းက ချန်ပီယံဖြစ်နိုင်ချေ ၄.၁% ပဲရှိတဲ့ အာဆင်နယ်ကတော့ လက်ရှိမှာ ၂၉.၉% ထိ တက်လာခဲ့တယ်။ လီဗာပူးကလည်း ရာသီစတုန်းက ၃.၅% ပဲ ရှိခဲ့ပေမယ့် လက်ရှိမှာ ၂၀.၁% ထိ တက်လာနေပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ အမှတ်ပေးဇယားကို တစ်လှည့်စီ ဦးဆောင်နေကြပြီး ဒီအပတ်မှာတော့ နှစ်သင်းဟာ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြဖို့ ရှိနေပါတယ်။