ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကို လွဲချော်သွားမယ့် မန်စီးတီး အသင်းသား ၃ ဦး

ဖလူမင်နိစ်နဲ့ ကစားမယ့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စီးတီး အဓိက ကစားသမား ၃ ဦး ပါဝင်ကစားခွင့်ရမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

ဟာလန်း၊ ဒီဘရိုင်းနဲ့ ဒိုကူတို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဂျေလိဂ်ကလပ် အူရာဝါရက်ဒိုင်းမွန်းစ်ကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ အသင်းလူစာရင်းအတွင်း ပါဝင်နိုင်ခြင်း မရှိပါဘူး။

ဖီဖာရဲ့ စည်းမျဉ်းအရ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အသင်းလူစာရင်းအတွက် ပါဝင်ခြင်းမရှိတဲ့ ကစားသမားတွေက ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဟာလန်း၊ ဒီဘရိုင်းနဲ့ ဒိုကူတို့ဟာ ဖလူမင်နိစ်နဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အသီးသီး လွဲချော်သွားမှာပါ။

ဒီဘရိုင်းဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရပြီး အခု ဆော်ဒီမှာမှ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာပါ။ ဒိုကူကလည်း ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

ဟာလန်းကလည်း ဒဏ်ရာပြဿနာကြောင့် ဒီနောက်ပိုင်း မန်စီးတီးရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး အူရာဝါရက်နဲ့ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ သူဟာ မနေ့ကတော့ လေ့ကျင့်ရေး ပြန်ဝင်နေကြောင်း ပုံရိပ်တွေ ထွက်ပေါ်ထားပါတယ်။

မန်စီးတီးဟာ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းကြီး မာဆယ်လို ပါဝင်ကစားနေတဲ့ ဖလူမင်နိစ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး သူတို့အတွက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။