ပရီးမီးယားလိဂ်ကို မေ့ထား ကလပ်ကမ္ဘာ့ဖလား ရဖို့ ပိုအရေးကြီးကြောင်း ဂွာဒီယိုလာ သတိပေး

မနှစ်ကရာသီ ချန်ပီယံလိဂ် အောင်မြင်ခြင်းကြောင့် ဒီရာသီမှာ ကလပ်ကမ္ဘာ့ဖလား ပါဝင်ယှဉ်ပြိုင်ရတာဖြစ်သလို ဒီပြိုင်ပွဲဟာ နှစ်တိုင်း ကစားခွင့်ရတဲ့ ပြိုင်ပွဲမျိုး မဟုတ်ဘူးလို့ ဂွာဒီယိုလာက သတိပေးလာပါတယ်။

ဆီမီးဖိုင်နယ်မှာ အူရာဝါရက်ဒိုင်းမွန်းကို အနိုင်ကန်ခဲ့တဲ့နောက် မန်စီးတီးတို့ ဗိုလ်လုပွဲမှာ ဘရာဇီးကလပ် ဖလူမင်နိစ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာသာ အနိုင်ရရှိခဲ့ရင် မန်စီးတီးတို့ ပထမဆုံးအကြိမ်အဖြစ် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။

မန်စီးတီးဟာ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ဒီဗိုလ်လုပွဲကို တက်ရောက်လာသလို ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ကလပ်ကမ္ဘာ့ဖလား ကိုင်နိုင်မယ့် စတုတ္ထမြောက် ပရီးမီးယားလိဂ်ကလပ် ဖြစ်လာပါမယ်။

ဂွာဒီယိုလာက “ ဒါက မတူညီတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ တွန်းအားဖြစ်စေမှာပါ။ ခရစ္စမတ်ပွဲကျပ်ကာလအတွက် ပိုကောင်းသွားစေမှာ သေချာပါတယ်။ အခုက မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီအတွက် ပြင်ဆင်ရမှာဖြစ်ပြီး ကိုယ့်မှာရှိသမျှ အရာအားလုံးကို ပေးဆပ်ဖို့ လိုအပ်ပါတယ်။ ဘာအတွက်လဲဆိုရင်တော့ ထာဝရတည်မြဲနေမယ့် အောင်မြင်မှုတစ်ခုအတွက်ပေါ့။ ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်က ဒီရာသီ ကစားပြီးရင် နောက်ရာသီလည်း ကစားရဦးမှာပါ။

ကျွန်တော်တို့ ကလပ်ကမ္ဘာ့ဖလားကို နောက်တစ်ကြိမ် ထပ်ကစားဖို့ဆိုတာ မသေချာပါဘူး။ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပြီး ပွဲမှာ အကောင်းဆုံး အားထည့်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။