ကလပ်ကမ္ဘာ့ဖလားနဲ့အတူ အင်္ဂလန်ဘောလုံးလောကမှာ ဘယ်အသင်းမှ မရဘူးတဲ့ စံချိန်ကိုပါ ပိုင်ဆိုင်သွားတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ကလပ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲမှာ ဘရာဇီးကလပ် ဖလူမင်နိစ် အသင်းကို ၄-၀ နဲ့ အနိုင်ရကာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။

စီးတီးအသင်းဟာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဲဗာရက်စ် တစ်ဦးတည်းကို အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နေသန် အကီရဲ့ အဝေးကန်ချက်က တစ်ဆင့် ရလာတဲ့ အခွင့်အရေးကို အဲဗာရက်စ်က ရင်ဘတ်နဲ့တိုက်ပြီး ပွဲအစ ၄၅ စက္ကန့်မှာတင် အဖွင့်ဂိုး ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဖိုဒန်ရဲ့ ဖြတ်တင်ဘောက နီနိုနဲ့ ထိပြီး ဂိုးဝင်သွားတဲ့နောက် ပွဲအဖြေက သိသာသွားခဲ့တယ်။

ပထမပိုင်းမှာ မန်စီးတီးက တတိယဂိုး ရလောက်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ဖလူမီနက်စ် ဂိုးသမား လက်စွမ်းပြခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ဖိုဒန်နဲ့ အဲဗာရက်စ်တို့က ဂိုးတွေ ထပ်ရခဲ့တာကြောင့် ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့တာပါ။

စီးတီးဟာ ၂၀၂၃ ခုနှစ်အတွင်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ စူပါဖလားတို့ကိုလည်း အောင်မြင်ထားပြီးပါပြီ။ အခု ကလပ်ကမ္ဘာ့ဖလားကိုပါ အောင်မြင်ခဲ့ခြင်းကြောင့် အင်္ဂလန်ကလပ်တွေထဲမှာ ဒီဖလား ၅ လုံး အောင်မြင်တဲ့ ပထမဆုံး အသင်းအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

မန်စီးတီးဟာ ၂၀၀၈ မှာ ယူနိုက်တက်၊ ၂၀၁၉ မှာ လီဗာပူး၊ ၂၀၂၁ မှာ ချယ်ဆီးတို့နောက် ကလပ်ကမ္ဘာ့ဖလား အောင်မြင်တဲ့ စတုတ္ထမြောက် အင်္ဂလန်ကလပ်လည်း ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံအဖြစ် အင်္ဂလန်ကို ပြန်ရောက်လာတော့မယ့် မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ၅ မှတ် အသာရနေတဲ့ အာဆင်နယ်ကို အမှီလိုက်ဖို့ အားရုံစိုက်လာတော့မှာ ဖြစ်ပါတယ်။