သူ့ကို ရှယ်ပလန်နဲ့ အဖျက်ကြမ်းခဲ့တဲ့ ပြိုင်ဘက် ကစားသမားကို ရိုဒရီ စကား တစ်ခွန်းပြော

ဖလူမင်နိစ်နဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက် ကစားသမားရဲ့ ပြင်းထန်စွာ ဖျက်ထုတ်ခြင်းခံခဲ့ရပေမယ့် ကွင်းလယ်လူ ရိုဒရီရဲ့ ဒဏ်ရာက ကံကောင်းစွာဘဲ ပြင်းထန်ခြင်းမရှိခဲ့ပါဘူး။

လေးဂိုးပြတ်အနိုင်ရခဲ့တဲ့ ဖလူမင်နိစ်နဲ့ပွဲစဉ်အတွင်း ရိုဒရီဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကွင်းအတွင်း လဲကျခဲ့ရပါတယ်။ ဒူးဒဏ်ရာကြောင့် မျက်ရည်တွေကျလုမတတ်ဖြစ်ခဲ့ပေမယ့် ရိုဒရီဟာ ကွင်းထဲကို ပြန်လာနိုင်ခဲ့ပြီး ခဏအကြာမှ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဖြစ်ရပ်ကြောင့်ပဲ ရိုဒရီဟာ ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ရိုဒရီက ဒဏ်ရာက မပြင်းထန်ခဲ့တာ ကံကောင်းပြီး ဒီလိုဖျက်ထုတ်မှုဟာ သူ့ကစားသမားဘဝတစ်လျှောက် အပြင်းထန်ဆုံးပဲလို့ ဖွင့်ဟခဲ့ပါတယ်။

ကြမ်းတမ်းစွာ ဖျက်ထုတ်ခံရပေမယ့် ဒဏ်ရာကြီး မရခဲ့ကြောင်းနဲ့တကွ လာမယ့် ဗုဒ္ဓဟူးည အဲဗာတန်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်မယ်လို့ စပိန်သားက အတည်ပြုခဲ့ပါတယ်။ ပွဲအပြီးမှာ ရိုဒရီဟာ ဆုဖလားနဲ့ အောင်ပွဲခံနေစဉ်အချိန်အတွင်း အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။

ရိုဒရီက “ကျွန်တော် ဖျက်ထုတ်တဲ့ကစားသမားကို ပြောလိုက်ပါတယ်။ မင်းဒီလိုအရာမျိုးတွေ မလုပ်သင့်ဘူးဆိုတာကိုပေါ့။

ဒီနေ့တော့ ကျွန်တော် ဆုဖလားရတာအပြင် အိမ်ကိုလည်း ဘာမှမဖြစ်ဘဲ ပြန်နိုင်ပြီဖြစ်ပေမယ့် မျက်ရည်ကျမတတ် ဖြစ်ခဲ့ရပါတယ်။ ကျွန်တော် ဒဏ်ရာရမှာကို အရမ်းစိုးရိမ်ခဲ့ပေမယ့် ဘာမှမဖြစ်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းကလည်း ဖလူမင်နိစ်ကို လေးဂိုးပြတ်အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။