ဇန်နဝါရီမှာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ မန်စီးတီးကနေ ထွက်ခွာသွားမယ့် အသင်းသားများ စာရင်း

ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာတဲ့နောက် မန်စီးတီးဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ကို ပြန်ပြီး အာရုံစိုက်လာတော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ လူစာရင်း အပြောင်းအလဲ အနည်းငယ် ပြုလုပ်ဖို့ ပြင်ဆင်နေကာ စီနီယာ ကစားသမားအချို့နဲ့ လူငယ်အချို့ကို ရှင်းထုတ်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒီဘရိုင်း ဒဏ်ရာကနေ ပြန်သက်သာလာခြင်းနဲ့အတူ ဂွာဒီယိုလာက ဇန်နဝါရီ စျေးကွက်ကနေ လူသစ် အနည်းငယ်ကိုလည်း ရလိုနေပါတယ်။

ကယ်ဗင်ဖီးလစ်က မန်စီးတီးကနေ ထွက်ခွာနိုင်ချေ အများဆုံးဖြစ်ပါတယ်။ နည်းပြဂွာဒီယိုလာက အင်္ဂလန်သားကို ရာသီကုန်ထိ ဆက်ထိန်းလိုပေမယ့်လို့ ပုံမှန် ပွဲကစားခွင့် ရှာဖွေနိုင်ရေး ကွင်းလယ်လူဟာ သင့်လျော်တဲ့ ကမ်းလှမ်းမှုကို နားထောင်သွားတော့မှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်ကနေ ပေါင် သန်း ၅၀ ဖြင့် ပြောင်းလာခဲ့တဲ့ ဖီးလစ်ဟာ ပွဲထွက်နေရာအတွက် တိုက်ခိုက်နိုင်ခြင်း မရှိပါဘူး။ သူ့ကိုတော့ ကွင်းလယ်ခံစစ်သမား ရှာနေတဲ့ ဘိုင်ယန်မြူးနစ်အပြင် ဂျူဗင်တပ်နဲ့ နယူးကာဆယ်တို့က သဘောကျနေပါတယ်။

၂၀၂၂ မှာ အန်းဒါလက်ကနေ ယူရို ၁၅ သန်းဖြင့် ခေါ်ယူထားတဲ့ အသက် ၂၃ နှစ်အရွယ် ဂိုးမက်စ်ကလည်း ပုံမှန် ပွဲကစားခွင့်အတွက် ထွက်ခွာလိုနေပါတယ်။ သူကတော့ အပြီးမသတ် မဟုတ်ရင်တောင် အငှားဖြင့် ပြောင်းရွှေ့ကာ ၂၀၂၄ ယူရို ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ရွေးချယ်ခံရဖို့ ကြိုးစားလိုနေတာပါ။

အမေရိကန် ဂိုးသမား စတီဖန်ကလည်း စီးတီးကို စွန့်ခွာဖို့ ပြင်ဆင်နေပါတယ်။ သူကတော့ ဇန်နဝါရီမှာ မေဂျာလိဂ်ထံ ပြန်သွားဖွယ် ရှိနေတာပါ။ ဂျာမာန်ဂိုးသမား အောတီဂါကလည်း ဇန်နဝါရီမှာ စီးတီးကနေ ထွက်ခွာလိုနေတယ်။

ပါလ်မားလို အရည်အချင်းရှိသူအဖြစ် ထင်ရှားတဲ့ စီးတီး အကယ်ဒမီ ကြယ်ပွင့် အော်စကာဘော့ကတော့ ပုံမှန်ပွဲကစားခွင့် ရှာဖွေနိုင်ဖို့ ချန်ပီယံရှစ်ထံ ပြောင်းရွှေ့နိုင်ပါတယ်။ မန်စီးတီးကတော့ ၁၈ နှစ်သား ဘော့ကို အပြီးသတ် ထွက်ခွင့် မပေးဘဲ အငှားချဖွယ် ရှိနေပါတယ်။