မန်စီးတီး ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသော လူငယ် ကြယ်ပွင့်
မန်စီးတီးအသင်း တိုက်စစ်ကစားသမား ဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးပေမယ့် ကမ္ဘာပေါ်က ဘောလုံးသမားတိုင်းရဲ့ အိပ်မက် ဆုဖလားတွေကို အနိုင်ပိုင်းထားသလို ဒီအသက်အရွယ်မှာတင် သူ ရယူထားနိုင်တဲ့ ဆုဖလား အရေအတွက်က (၁၄)ခုအထိတောင် ရှိလာခဲ့ရပါတယ်။
အာဂျင်တီးနား ဘောလုံးလောကရဲ့ ထိပ်တန်း ဘောလုံးအသင်းကြီး တစ်သင်းဖြစ်တဲ့ ရေးဗားပလိတ်အသင်းရဲ့ လူငယ် အကယ်ဒမီမှာ ဘောလုံးပညာရပ်တွေကို ဆည်းပူးရင်းနဲ့ ၂၀၁၈ခုနှစ်မှာ စီနီယာ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်နဲ့ ဆုဖလား (၆)ခုအထိ ရယူနိုင်ခဲ့ပါတယ်။
ရေးဗားပလိတ်အတွက် ၂၀၁၈ ကနေ ၂၀၂၂အထိ ကစားကာ ပြိုင်ပွဲစုံ (၅၄)ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ၂၀၂၂ခုနှစ် နွေရာသီမှာပဲ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကလပ်အသင်း မန်စီးတီးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ အင်္ဂလန် ဘောလုံးနယ်ပယ်ကို ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့တဲ့ ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလားအပြင် ဥရောပ ချန်ပီယံလိဂ်ဖလားကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီရာသီထဲမှာလည်း ဥရောပ စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကိုပါ ထပ်မံ ဆွတ်ခူးခဲ့ပြန်ပါတယ်။
ဒါ့အပြင် အာဂျင်တီးနားနဲ့အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲခွင့် ရရှိခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ ကစားသမားဘဝရဲ့ ပထမဆုံး World Cup မှာပဲ ကမ္ဘာ့ဖလားဆုကြီးကိုပါ ရယူသွားနိုင်ခဲ့ပါသေးတယ်။
အယ်လ်ဗာရက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားဆုကြီးအပြင် ၂၀၂၁ ကိုပါအမေရိကဖလား နဲ့ CONMEBOL–UEFA Cup of Champions ဆိုတဲ့ ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
