ရပ်ဖိုဒ့်ထက် ပက်ရဲ့ တပည့်ကျော် ၂ ဦးကို နေရာပေးဖို့ နည်းပြဆောက်ဂိတ်အား သတိပေး
ပရီးမီးယားလိဂ် ဘောလုံး သုံးသပ်သူဖြစ်တဲ့ နည်းပြဟောင်း တင်ရှားဝုဒ်က ယူရို ၂၀၂၄ မှာ အင်္ဂလန် အတွက် မန်ယူကစားသမားကို ကျော်ပြီး စီးတီး ကစားသမား နှစ်ဦးက ပွဲထွက်ခွင့် ရသင့်ကြောင်း ယုံကြည်နေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ဂိုးသာ သွင်းယူထားတဲ့ မန်ယူ တောင်ပံသမား ရပ်ဖို့ဒ်ထက်စာရင်း ဂရီလစ်ခ်ျ နဲ့ ဖိုဒန် တို့က ပွဲထွက်ခွင့် ပိုရသင့်တယ်လို့ တင်ရှားဝုဒ်က သတိပေးလာပါတယ်။
လာမည့် ယူရို ၂၀၂၄ မှာ အင်္ဂလန် ရဲ့ ပွဲထွက်စာရင်းအတွင်း ရပ်ဖို့ဒ်ပါသင့်လား ဆိုတဲ့ မေးခွန်းကို ရှားဝုဒ်က “No ပါ။ လုံး၀ အခွင့်အရေး မရှိပါဘူး။ တန်းဟတ်ရဲ့ ကျေးဇူးကြောင့် သူဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှာတောင် ရွေးချယ်မရခံမယ့် အနေအထားမျိုး ရောက်နေပါတယ်။
သူ့ဆီမှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးရဲ့ အရည်အသွေးတွေ အားလုံး ရှိနေပြီး အကယ်လို့များ သူ အခု မန်စီးတီးမှာ ကစားနေမယ် ဆိုရင် အင်္ဂလန်မှာ ပွဲထွက်ခွင့် ရနိုင်ပါတယ်။ အခုနဲ့ ရာသီကုန်ကြားမှာ ရပ်ဖို့ဒ် အနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။
ယူရိုကျရင် ဂျက်ဂရီလစ်ခ်ျ ပွဲထွက်ခွင့် ရသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဖိုဒန်ကို ပွဲထွက်စာရင်းမှာ အသုံးမပြုခြင်းဟာ ရာဇ၀တ်မှု ကျူးလွန်သလိုပါပဲ။
မန်စီးတီး ကစားသမား ၂ ဦးစလုံးဟာ အင်္ဂလန်မှာ ပါ၀င်ရမှာပါ။ ကျနော်တို့ အနေနဲ့ ဒီလို အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ အင်္ဂလန်အသင်းကို တည်ဆောက်သွားရမှာပါ။ ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။
