အချိန်တိုအတွင်း ထွန်းတောက်လာမှုတွေကြောင့် လာလီဂါ ထိပ်သီးနှစ်သင်းက ခေါ်ယူချင်နေပေမယ့် မန်စီးတီးနဲ့ပဲ ဖလားတွေ ဆက်သိမ်းပိုက်ချင်နေသူ

တောင်အမေရိက ဘောလုံးသမားတွေရဲ့ မျှော်လင့်ချက်အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ထံက စိတ်ဝင်စားမှုတွေ ရနေပေမယ့် ကြယ်ပွင့်လေးကတော့ မန်စီးတီးမှာ ဆက်နေလိုကြောင်း ပြောလာပါပြီ။
မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ ဥရောပစူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား ၊ ပရီးမီးယားလိဂ်ဖလား နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးထားခဲ့တဲ့ အယ်လ်ဗာရက်ဇ်ကို လာလီဂါ ထိပ်သီးကလပ်တွေက အပြိုင်အဆိုင် စိတ်ဝင်စားကြလျက် ရှိနေပါတယ်။
အယ်လ်ဗာရက်ဇ်ကတော့ “အမှန်ကတော့ ကျွန်တော် မန်စီးတီးအသင်းမှာ အရမ်း ပျော်ရွှင်နေပါတယ်။ ကျွန်တော် အသင်းမှာ ပါဝင်ကစားနေတာလည်း တစ်နှစ်ရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတိုင်းအတွက် အရမ်းကို ပျော်ရွှင်နေတယ်လို့ ခံစားရပါတယ်။
အခု ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ယှဉ်ပြိုင်နေဖို့ဖြစ်ပြီး ဆုဖလားတွေ အားလုံးကို ထပ်မံ ရယူသွားဖို့လည်း ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ မကြာသေးခင်ကမှ မန်စီးတီးနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းလည်း တိုးမြှင်ထားတာမို့ သူ့ကို ခေါ်ယူလိုရင် မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးမျိုးတွေကို စပိန်ကလပ်တွေဘက်က ပေးရမှာဖြစ်ပါတယ်။