အဲဗာတန်ကို ဂိုးပြတ် အနိုင်ယူပြီး အင်္ဂလန်မြေမှာ ပရီးမီးယားလိဂ် ချန်ပီယံ ပြန်လာပြီ လို့ တပ်လှန့်လိုက်တဲ့ မန်စီးတီး

ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းက အဲဗာတန်ကို ၎င်းတို့အိမ်ကွင်း ဂူဒီဆန်မှာ ၁-၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဟာလန်းမပါဝင်နိုင်သေးဘဲ ဂွာဒီယိုလာက တိုက်စစ်မှာ အယ်လ်ဗာရက်ဇ်ကို အထောင်ထားပြီး ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို နောက်ကနေ တိုက်စစ် လိုက်ပါစေခြင်းဖြင့် ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် ပုံစံကောင်းရနေတဲ့ အဲဗာတန်တို့ဟာ စီးတီးကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ပေမယ့် ဟာရစ်ဆင်ရဲ့ ပထမပိုင်း သွင်းဂိုးနဲ့ စတင် ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးတို့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြသလို အဲဗာတန်ဂိုးသမားရဲ့ လက်စွမ်းပြနိုင်ခဲ့မှုကြောင့် ချေပဂိုး ပြန်မရခဲ့ပါဘူး။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မန်စီးတီးက ပိုပြီး ထိထိရောက်ရောက် ကစားလာနိုင်ခဲ့ကြပါတယ်။ ချေပဂိုးကတော့ ဧရိယာထိပ်ကနေ ဖိုဒန်က ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီ ပြင်းထန်လှတဲ့ ဘောလုံးကို ကာကွယ်ဖို့ ပစ်ခ်ဖို့ဒ် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ဦးဆောင်ဂိုးကတော့ အကီရဲ့ ကန်ချက် အိုနာနာလက်နဲ့ထိခဲ့တာကြောင့် ပင်နယ်တီရခဲ့ရာကနေ အယ်လ်ဗာရက်ဇ်က ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုကပဲ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို ထပ်မံသွင်းယူသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က အဲဗာတန်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ ဂွတ်ဒီဆန်ပါ့ခ်မှာ အနိုင်ရရှိခဲ့ကြပြီး ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို ထိပ်ဆုံးက လီဗာပူးလ်တို့ထက် တစ်ပွဲလျော့ ငါးမှတ်အကွာနဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။